သီယာရီနှင့် သူ၏လုပ်ကြံရေးအဖွဲ့သားများ

 သီယာရီနှင့်သူ၏လုပ်ကြံရေးအဖွဲ့သားများ

           စကူတာဆိုင်ကယ်သမားသည် ဘောလဒ်ဒီအင်ဘယ်လဒီရပ်ကွက်သို့ ဦးတည်သည့်လမ်းအတိုင်း သမ္မတယာဉ်တန်းနောက်မှ လိုက်ပါလာခဲ့ပြီး၊ ထိုလမ်းနှင့် ရူဒီဗရမ်နီးလမ်းဆုံရာ လမ်းဆုံသို့ရောက်သောအခါ လမ်းဘေးမှ ကဖေးဆိုင်တဆိုင်တွင်းသို့ဝင်၍ မြို့တွင်းဖုန်းတစ်ကော ခေါ်လိုက်လေသည်။

           ထိုအချိန်တွင် မျူဒွန်းရပ်ကွက်အတွင်းမှ ကဖေးတစ်ခုအတွင်းဝယ် ပြင်သစ်လေတပ်မှ ဒုဗိုလ်မှူးကြီး ယန်မာရီဘက်စတင်းသီယာရီတစ်ယောက် ပြည်တွင်းဖြစ်ဘီယာကို တဖြေးဖြေးချင်း သောက်နေရင်းက သူ့ထံဖုန်းအလာကို စောင့်ဆိုင်းလျှက် ရှိနေလေသည်။ သီယာရီသည် အသက်၃၅နှစ်အရွယ် ကလေးသုံးယောက်ဖခင်ဖြစ်ပြီး၊ အယ်ဂျီးရီးယားကို လွတ်လပ်ရေးပေးခဲ့သော ချားလ်ဒီဂေါလ်၏လုပ်ရပ်သည် အမိပြင်သစ်နိုင်ငံတော်ကြီးနှင့် ပြင်သစ်လူမျိုးများအား သစ္စာဖေါက်ခဲ့ခြင်းဖြစ်သည်ဟု ခါးခါးသီးသီးယုံကြည်သူ တစ်ယောက်ဖြစ်သည်။

           ဒီဂေါလ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်တို့၏ သူရဲကောင်းဖြစ်ခဲ့သော်လည်း စစ်အပြီး သူ့၏နိုင်ငံကို ဦးဆောင်ပုံနှင့်ပတ်သတ်၍ အများ၏ဝေဘန်ခြင်းကို အပြင်းအထန်ခံရကာ နိုင်ငံရေးသိက္ခာကျဆင်းခဲ့ရပြီး ၁၉၅၃တွင် နိုင်ငံရေးမှ လုံးဝအနားယူခဲ့ရဖူးသည်။ သို့သော် ၁၉၅၈တွင်မူ ပြင်သစ်နိုင်ငံသားများက သူ့အားနိုင်ငံအာဏာကို ပေးအပ်ကြပြန်ကာ နိုင်ငံတော်ကို ဦးဆောင်ခိုင်းပြန်လေသည်။ 

သည်တွင်ဒီဂေါလ်က ပြင်သစ်ကို စစ်ဒဏ်ဖိစေသည့် အယ်ဂျီးရီးယားများနှင့် ဖြစ်ပွားနေသော စစ်ပွဲကိုရပ်ဆိုင်းပစ်ကာ အယ်ဂျီးရီးယားသည် အယ်ဂျီရီးယားအမျိုးသားတွေ အတွက်သာဖြစ်သင့်သည် ဟူသောကြွေးကြော်သံနှင့် အယ်ဂျီးရီးယားကို လွတ်လပ်ရေး ပေးပစ်လိုက်လေတော့သည်။ 

          ထိုအချက်နှင့်ပတ်သတ်၍ သူ၏အမြင်ကို လက်ခံသူများရှိသကဲ့သို့ သူ့ကိုမုန်းတီးဆန့်ကျင်သူ အများအပြား ရှိလာခဲ့သည်။ အထူးသဖြင့် ပြင်သစ်-အယ်ဂျီးရီးယန်း စစ်ပွဲအတွင်း ပြင်သစ်စစ်တပ်ကို ကွပ်ကဲနေသော စစ်ခေါင်းဆောင်များ အထူးမကျေမနပ်ဖြစ်ခဲ့ရပြီး ဒီဂေါလ်ကို လုပ်ကြံသတ်ဖြတ်ကာ သူ၏အစိုးရအဖွဲ့ကို ဖြုတ်ချရန်အတွက် လှို့ဝှက်စစ်တပ်အဖွဲ့အစည်း အို-အေ-အက်စ်ကို ဖွဲ့စည်းခဲ့ကြလေတော့သည်။ ဗိုလ်မှူးကြီး သီယာရီသည် အို-အေ-အက်စ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ ယခုလည်း ဒီဂေါလ်ကို လုပ်ကြံသတ်ဖြတ်ရန် ဦးဆောင်စီစဉ်နေသူဖြစ်သည်။ 

           ဖုန်းမြည်လာသောအခါ ကဖေးဘာမန်းက ကောက်ကိုင်လိုက်ပြီး ဗိုလ်မှူးကြီးသီယာရီကို လှမ်းပေးလိုက်၏၊ ဖုန်းကိုယူ၍ အသေအချာနားထောင်အပြီး သီယာရီက သိပ်ကောင်းတယ် ကျေးဇူးပဲကွာဟု ခပ်တိုတိုပြန်ဖြေရင်း ဖုံးကိုခွက်ထဲပြန်ချကာ ကဖေးဆိုင်ထဲမှလှမ်းထွက်လိုက်၏။ အပြင်ရောက်သည်နှင့် လက်မောင်းကြား ညှပ်ထားသော သတင်းစာကိုဖြန့်၍ မျက်နှာအရှေ့တွင် ၂ခါမျှ လှုပ်ရမ်းလိုက်လေသည်။

           ထိုအချိန်တွင် ကဖေးဆိုင်၏ မျက်စောင်းထိုးအိမ်တအိမ်အတွင်းမှ အမျိုးသမီးငယ်တစ်ယောက်က ဗိုလ်မှူးကြီး၏ လှုပ်ရှားမှုကို လိုက်ကာကာထားသော ပြူတင်းပေါက်မှတဆင့် မျက်ခြေမပြတ် စောင့်ကြည့်နေရာမှ လမ်းကြောင်းနှစ်ဟု ခပ်တိုးတိုး ခပ်ပြတ်ပြတ်လေး ပြောလိုက်သောအခါ အိမ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသော လူ၁၂ယောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေတော့၏။


           ထိုလူ၁၂ယောက်ထဲမှ ၇ဦးမှာ ၂ဝကျော်လူငယ်လေးများဖြစ်ပြီး လှုပ်ရှားရမည့် ကိစ္စရပ်အတွက် စိတ်လှုပ်ရှားနေကြဟန်ရှိလေ၏။ ကျန် ၅ယောက်မူကား အတွေ့အကြုံရင့်ကျက်ဟန်နှင့် တည်တည်ငြိမ်ငြိမ် ရှိလွန်းလှသည်။ 

ထို၁၂ယောက်ထဲကို ခေါင်းဆောင်မည်သူမှာ ဒုဗိုလ်-အလန်ဗော့ကရီးနတ်ဖြစ်သည်၊ သူကဤလုပ်ကြံမှုတွင် သီယာရီ၏ လက်ထောက်အဖြင့် တာဝန်ယူရသူဖြစ်၏။ သူသည် ကလေးနှစ်ယောက်ဖခင် အထက်တန်းစား မြေရှင်မျိုးနွယ် လင်္ကျာစွန်းတယောက် ဖြစ်၏။ 

            ဤလူစုအတွင်း အန္တရာယ်အရှိဆုံးသော အဓိကလုပ်ကြံသတ်ဖြတ်ရေးသမားကား အယ်ဂျီးယားမွေး ပြင်သစ်လူမျိုးလယ်ယာစိုက်ပျိုးရေး အင်္ဂျင်နီယာ ဂျော့ဝါတင်ဖြစ်လေသည်။ ကျွဲပေါက်တစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းသော ဝါတင်သည် အို-အေ-အက်စ် အဖွဲ့ကြီး၏ အားကိုးရဆုံးသော တိုက်ခိုက်ရေးသမားဖြစ်ပြီး ဒဏ်ရာရထားဖူးသော ခြေတစ်ဖက်ကြောင့် ခြေတဖက်ဆာနေသဖြင့် သူ့ကို ထော့ကျိုးဟု လူသိများလေသည်။

           အမျိုးသမီးလေးက လမ်းကြောင်းနှစ်ဟု ပြောလိုက်သည်နှင့်တပြိုင်နက် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဝင်၁၂ယောက်သည် အိမ်ထဲမှအမြန်ထွက်ကာ လမ်းမပေါ်တွင် အသင့်ရပ်ထားသော ကား၆စီးထဲသို့ အလျင်အမြန်နေရာယူကြကာ ထိုနေရာမှ အမြန်မောင်းထွက်သွားကြလေတော့၏။ ထိုကားများထဲမှ အချို့မှာ တရားဝင်ငှားရမ်းထားသော ကားများဖြစ်ကြသော်လည်း အများစုမှာ ခိုးယူထားသော ကားများဖြစ်လေသည်၊ အချိန်ကား ညနေ ၇နာရီ ၅၅ မီးနစ်။

           သီယာရီသည် ဤလုပ်ကြံမှုကို အချိန်ယူကာ အသေအချာပြင်ဆင်ထားခဲ့ပါသည်။ လုပ်ကြံသတ်ဖြတ်မည့်နေရာ၊ ပတ်ဝန်းကျင်၊ လူနှင့်ယာဉ်သွားမှုအနေအထား၊ မော်တော်ကား၏ မောင်းနှင်နေမည့်အရှိန်ပမာဏာ၊ လေတိုက်နုန်း၊ ပစ်ခတ်ရမည့်အကွာဝေး၊ အသုံးပြုရမည်ကျည်ဆံနှင့် ပေါက်ကွဲမှုပမာဏ စသည်တို့ကို ကိုယ်တိုင်လက်တွေ့ လေ့လာတွက်ချက်ပြီး အသေးစိတ် ပြင်ဆင်ထားခဲ့လေသည်။ 

အစီစဉ်အရ သမ္မတ၏ကား ရပ်တန့်သွားရန် ကျဉ်ဆံ၁၅ဝ အသုံးပြုရမည်၊ ကားရပ်တန့်သွားသောအခါ အသေအချာစစ်ဆေး၍ လက်စတုံးသေချာစေရန် အနီးကပ်ပစ်ရဦးမည်။ အကယ်၍ ပထမအဆင့် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါလျှင် ပလန်ဘီအနေနှင့် ရှေ့တစ်နေတွင် ထပ်မံလုပ်ကြံရန်အတွက်လည်း သူစီမံထားခဲ့သည်။ 

ည ၈နရီ ၅မီးနစ်တွင် လုပ်ကြံသတ်ဖြတ်ရေးတပ်ဖွဲ့သည် အစီစဉ်အတိုင်း နေရာယူထားလိုက်ကြကာ ဒီဂေါလ်လုပ်ကြရန် အဆင့်သင့်ဖြစ်နေကြလေပြီး။

Comments

Popular Posts