မအောင်မြင်သောလုပ်ကြံမှု
မအောင်မြင်သောလုပ်ကြံမှု
သီယာရီတစ်ယောက် စစ်ဆင်ရေးကို ရေးဆွဲစဉ်က အစစအရာရာ အသေးစိတ် စနစ်တကျတွက်ချက် ပြင်ဆင်ထားခဲ့ပါသည်။ ခြုံခိုတိုက်ခိုက်မည့်နေရာ၊ အသုံးပြုမည့်လက်နက်၊ အချက်ပြစနစ်၊ လေတိုက်နုန်း၊ အမှောင်ဖုံးမည့်အချိန် စသည်တို့ကို ကိုယ်တိုင်သေသေချာချာပင် လေ့လာခဲ့ပြီးမှ စစ်ဆင်ရေးကို ရေးဆွဲခဲ့ခြင်းဖြစ်၏။ သို့သော် သူအမှတ်တမဲ့ သတိမပြုမိလိုက်သည်က သူ့စစ်ဆင်ရေးအတွက် ရ ရက် န နာရီ သတ်မှတ်စဉ် အသုံးပြုခဲ့သည့် ပြက္ခဒိန်မှာ လွန်ခဲ့သော၁၉၆၁ ပြက္ခဒိန်ဖြစ်နေခြင်းပင်။ ထိုပြက္ခဒိန်တွင် ဆည်းဆာချိန်ကုန်၍ အမှောင်ထုဖုံးမည်အချိန်မှာ ညနေ ၈နာရီ၃၅မီးနစ်မှသာ ဟုဖေါ်ပြထားသော်လည်း ၁၉၆၂ ပြက္ခဒိန်အသစ်အရ အမှောင်ဖုံးမည်အချိန်မှာ ညနေ ၈နာရီ ၁ဝမီးနစ်ဟု အတိအကျပြထားသည်။
အမှောင်ထုကြောင့် မသဲမကွဲသာမြင်နေရသည့် သီယာရီကို ဆာ့ဂ်ျတစ်ယောက် အားစိုက်ကာ စူးစိုက်ကြည့်နေရ၍ စိတ်တိုလာစဉ် ဗြုန်းကနဲဆို ကားမီးရောင်ကို လှမ်းတွေလိုက်ရသောအခါ၊ ဆာ့ဂ်ျတစ်ယောက် ဘာပြင်ဆင်ချိန်မှမရတော့ပဲ ပစ်ဟုသာ သူ့အဖော်အား အလန့်တကြားထ၍ အမိန့်ပေးလိုက်ရတော့၏။ ကိုးဆယ်ဒီဂရီ ဘေးတိုက်မှနေ၍ ပစ်ရသည်ကတကြောင်း ပြင်ဆင်မှုမရှိပဲ ပစ်ရသည်ကတကြောင်း တစ်နာရီမိုင် ၆ဝကျော်၇ဝနုန်းနှင့် ပြေးလွှားနေသောကားလေးကို လှမ်းပစ်ရသောအခါ ကျည်ဆံအတော်များများမှာ မူလရည်မှန်းထားသည့် ယာဉ်မောင်းနှင့် သမ္မတကြီးတို့ကို မထိမှန်တော့ပဲ ကားလေး၏ အနောက်စွန်းနှင့် နောက်ဘီးကိုသာ ထိမှန်သွားကြလေ၏။
သမ္မတကြီး၏ ဆီထရွန်ကားလေးတွင် ဘီးများကို အလိုလျှောက်အန္တရာယ်ကာကွယ်သော တာယာများဖြင့် အသုံးပြုထားသော်လည်း ရုတ်တရက်လေပေါင်မတူညီမှု ဖြစ်သွားသောအခါ လက်ကိုင်ဆွဲကာ ကားအနည်းငယ်ခေါင်းရမ်းသွားသေးသည်။ သို့သော် ကားမောင်းကျွမ်းကျင်သူ မားရော့က သည်အခြေနေကို နိုင်နိုင်နင်းနင်းပင် ထိမ်းလိုက်နိုင်ပါသည်။
ပထမအဆင့်မအောင်မြင်လိုက်သော်လည်း သေနတ်သမား လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဝင်ဖြစ်သော ပြင်သစ်ဖောရင်ရီဂျန့်တပ်သားဟောင်း ဗာကာက ကျည်ကပ်အတွင်း ကျည်ကုန်သည်အထိ ကားတာယာနှင့် ကားမှန်များကို ကြေမွသွားအောင် ထပ်မံပစ်သော်လည်း ကံကောင်ထောက်မစွာပင် ကားအတွင်းမှ မည်သူ့ကိုမှ အထိအခိုက်မဖြစ်ခဲ့ပါ။ အလန်က သူ့ယောက္ခများကို ဝပ်နေဝပ်နေဟု လှမ်းအော်နေကာ၊ မဒမ်ဒီဂေါလ်က ဒီဂေါလ်ပေါင်ထက်ဝယ် ပုံပုံလေးဝပ်နေချိန်ဝယ် ဒီဂေါလ်က ''ဘာဆက်လုပ်မလဲ''ဟု သူ့ဒရိုင်ဘာကို မေးလိုက်၏။
သွက်လက်သော မားရော့သည် တစ်ဖက်သို့ဆွဲသွားသော ကားလေးကို အရှိန်လျှော့ချလိုက်ပြီး လက်ရှိမောင်းနှင်နေသည့် လွတ်လပ်ရေးရိပ်သာလမ်းမကြီးမှ ထိုလမ်းမကြီးကို ကန့်လန့်ဖြတ်ကာ ဖေါက်ထားသော ဘိုးယစ်ရိပ်သာလမ်းထဲ ချိုးကွေ့ချလိုက်လေ၏။ ထူးထူးဆန်းဆန်းပင် အနောက်က ကပ်ပါလာသော ရှောင်ဒူခရိဒ်တို့၏ လုံခြုံရေးကားလေးမှာလည်း အံ့သြစရာ ကျည်တစ်ပေါက်မှ မထိပဲ သမ္မတကြီးကားနောက် ကပ်လိုက်ပါလာနိုင်ခဲ့သည်။ ဘိုးယစ်ရိပ်သာလမ်းတွင်လည်း သီယာရီက ကြိုတင်တွက်ဆကာ သူ့၏တပ်သားများကို နေရာယူထားစေသဖြင့် သမ္မတ၏ကားချိုးဝင်လာသည်နှင့် ဗော့ကရီးနက်က သူ့ကားလေးကို ဒေါက်ဖြတ်အနေအထားအတိုင်း သမ္မတကားဆီ အတင်းဝင်ဆောင့်လိုက်လေ၏။ ဤတကြိမ်တွင်လည်း ကံကောင်းသော ဖိုးသက်ပြင်းဒီဂေါလ်စီးလာသော ကားကလေးမှာ လွတ်ထွက်သွားပြီး ဗော့ကရီနက်တို့ကားက နောက်ကထပ်ချပ်မကွာ လိုက်ပါလာသော ရှောင်ဒူခရိဒ်တို့၏ လုံခြုံရေးကားကို ဝင်တိုက်မိလေသည်။ ရုတ်ချည်းဖြစ်သွားသည့် အခြေနေကြောင့် မော်တော်ပီကယ်၂ယောက်၏ ဆိုင်ကယ်များလည်း လဲကျသွား၏။ ထော့ကျိုးဝါတင်က ကားတွင်းမှ ခုန်ထွက်ကာ လက်တွင်းရှိစက်သေနတ်ကို သမ္မတကားကိုမှန်း၍ ဒရစပ်ပစ်ခတ်လေတော့သည် သို့သော် သူ၏သေနတ်မှ ကျည်ဆံများကုန်သွားသည်အထိ မည်သူမှ အထိအခိုက်မရှိခဲ့ပါ။
ကွဲနေသော အနောက်မှန်မှ နောက်ပြန်ပြန်ကြည့်ရင်း ဒီဂေါလ်က ''မင်းတို့ဘာလို့ အဲဒီသောက်ရူးတွေကို ပြန်မပစ်ကြတာတုန်း'' ဟု သူ့လုံခြုံရေးအဖွဲ့ကို ဒေါ်သတကြီး အော်လိုက်၏။ ဒူးကခရိတ်က ကြောင်နေရာမှ ဒီဂေါလ်အသံကြားသောအခါ သူ့သေနတ်ကိုဆွဲထုတ်ရင်း အနီးဆုံး သေနတ်သမားကို လှမ်းပစ်ဖို့ပြင်သည်၊ သို့သော်သူ့မြင်ကွင်းကို ယာဉ်မောင်းရဲသားက ပိတ်ကွယ်နေ၍ပစ်မရ ''ခွေးမသားဖယ်စမ်းကွာ'' ဟု သူ့ယာဉ်မောင်းကိုဆဲနေချိန်တွင် ခြုံခိုတိုက်မှု မအောင်မြင်လိုက်သော ဗော့ကရီနတ်တို့လူစု လစ်ပြေးသွားကြတော့သည်။ ထိုချိန်တွင် လဲကျသွားသော မော်တော်ပီကယ်၂ယောက်လည်း လဲနေရာမှ ပြန်ထ၍ သမ္မတကိုကာကွယ်စောင့်ရှောက်ရန် အသင့်ဖြစ်နေလေချေပြီ။
ခဏနေလျှင် ဒူးခရိတ်၏ ဝါယာလက်နှင့်အကြောင်းကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များ အခင်းဖြစ်ပွားရာဆီသို့ ရောက်ရှိလာကြသည်။ ထိုနောက် သမ္မတကြီးနှင့်ဇနီးကို သူတို့သွားမည့် အပန်းဖြေအိမ်သို့ ရဟတ်ယာဉ်နှင့် ပို့ဆောင်ရန်စီစဉ်ပေးကြလေ၏။ ဒီဂေါလ်က ကားပေါ်မှဆင်းကာ ကားကိုပတ်၍ သူဇနီးလက်ကိုတွဲရင်း ကားပေါ်မှဆင်းစေ၏၊ ထိုနောက် ဇနီးသည်လက်ကို ဖျစ်ညစ်အားပေးရင်း ''ကဲ မကြောက်နဲ့တော့ အချစ်ရေ၊ တို့တွေအိမ်သွားကြမယ်နော်''ဟု ညင်သာစွာပြောလိုက်လေသည်။
ရဟတ်ယာဉ်ပေါ်အတက်တွင် ဒီဂေါလ်က ဒါအို-အေ-အက်စ် လက်ချက်ပဲဖြစ်မှာဟု သူ၏ထင်မြင်ချက်ကို သူ့လူများကိုပြောကြားလိုက်၏၊ ပြီးမှ ''ဒီကောင်တွေ သေနတ်ကို တည့်အောင်လဲ မပစ်တတ်ဘူးကွာ'' ဟုပြောရင်း ရဟတ်ယာဉ်ရှိ သူထိုင်ရမည့်ထိုင်ခုံပေါ် ထိုင်ချလိုက်လေတော့သည်။
Comments