အပိုင်း ၁
မှုခင်းရဲ့ မူလအစ
နံနက်၆နာရီခွဲဆိုသော လင်းအားကြီးအချိန် ပဲရစ်ရွှေမြို့တော်၏ မတ်လနံနက်ခင်းသည် ထုံးစံအတိုင်း အေးစက်နေလေ၏။
ထိုအချိန်တွင် အသတ်ခံရမည့် သေနတ်ပစ်ကွင်းတွင်းမှ ရာဇဝတ်သားအဖို့မူကား အခြားသာမန်လူတွေထက် ပို၍အေးစက်နေမည်မှာ ပြောစရာပင်လိုမည်မဟုတ်ပါ။
ထိုနေ့ကား ၁၉၆၃ခုနှစ် မတ်လ ၁၁ရက်နေ့ဖြစ်ပြီး၊ ပဲရစ်မြို့အပြင်ဘက် စပျစ်နွယ်ခံတပ်၏ စက်ပစ်ကွင်းထဲမှ၊ အေးမြသော ကျောက်စရစ်မြေသားပေါ်တွင် စိုက်ထူထားသည့် တိုင်တတိုင်၌၊ လက်ပြန်တုတ်နှောင် အချည်ခံထားရသော လေတပ်ဗိုလ်မှူးကြီးတဦးသည် သူ့၏အရှေ့မီတာ၂ဝတွင် ကျောက်ရုပ်များသဖွယ် မတ်မတ်ရပ်နေကြသည့် သုတ်သင်ရေးတပ်ဖွဲ့ စစ်သားများကို မယုံကြည်နိုင်သော မျက်ဝန်းဖြင့် ငေးကြည့်နေလေ၏။
တာဝန်ရှိသူတစ်ဦးက သူ၏မျက်လုံးများကို အဝတ်နက်တခုဖြင့် လာရောက် စည်းနှောင်လိုက်သောအခါ ဒုတိယဗိုလ်မှူးကြီး ယန်မာရီဘက်စတင်းသီယာရီ မြင်တွေ့ရသော အလင်းဖျောဖျော့လေး ပျောက်ကွယ်သွားလေတော့သည်၊ ထိုပျောက်ကွယ်မှုသည် သူ့အတွက်ထာဝရပင်။
အသင့်ပြင်ဟူသော အမိန့်အသံနှင့်အတူ ဖြောင်းကနဲ့တညီတညာတည်း မောင်းတင်လိုက်သော သုတ်သင်ရေးတပ်ဖွဲ့စစ်သားမျာ၏ ကာဘိုင်သေနတ်မောင်းတင်သံကို ဘုရားသခင်၏ မေတ္တာတော်နှင့် နာမတော်ကို တဖွဖွချီးမွန်းနေသော ဘုန်းတော်ကြီး၏အသံက လွှမ်းမိုးသွားရန် မစွမ်းသာပါချေ။
ယမ်းပေါက်ကွဲသံသည် သူနောက်ဆုံး ကြားလိုက်ရသော အာရုံဖြစ်ပြီး ထိုအာရုံပျောက်ကွယ်သွားခြင်းနှင့်အတူ လှို့ဝှက်စစ်တပ်အဖွဲ့စည်း အို-အေ-အက်စ် ခေါင်းဆောင် ပြင်သစ်လေတပ်၏ ဒုဗိုလ်မှူးကြီး ယန်မာရီဘက်စတင်းသီယာရီတစ်ယောက် လူ့လောကမှ ထာဝရပျောက်ကွယ်သွားပါတော့သည်။
ဤသို့ ဗိုလ်မှူးကြီးသီယာရီတယောက် သေဒဏ်အပေးခံရခြင်း၏ မူလအစကို ပြန်ကောက်ရလျှင် ၁၉၆၂ခုနှစ် သြဂုတ်လ ၂၂ရက်နေ့ဆီမှ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လှန်ရပါမည်။
-----------------------------------------------------
သြဂုတ်လသည် ပြင်သစ်ပြည်၏ အပူဆုံးလဖြစ်သည့်အတိုင်း ပဲရစ်မြို့တော်၏ အပူချိန်သည် ထိုနေ့ညနေ ၇နာရီအချိန်သို့ရောက်သည့်တိုင် ၂၃ဒီ၈ရီ စင်တီဂရိတ်ရှိနေခဲ့ပါသည်။ အပူကြောင့် ချွေးစို့နေသော ပဲရစ်မြို့တော်မှ ညည်းညူနေသော အိမ်ရှင်မများ၊ ငိုကြွေးဆူပူ ဂျီကျနေသော ကလေးသူငယ်များ စသူတို့ဦးဆောင်သည့် အပူဒဏ်ကို တိမ်းရှောင်သူများသည် စနေ-တနင်္ဂနွေ အားလပ်ရက်၌ ပင်လယ်ကမ်းစပ် သို့မဟုတ် မြစ်ချောင်းများရှိသော နယ်များဘက်ထွက်ကာ အနားယူရန်အတွက် ပြင်ဆင်နေကြသဖြင့် ကား၊ ရထား ဘူတာများတွင် လူအများတိုးဝှေ့ ပြည့်ကျပ်နေလေတော့၏။
သို့သော် ထိုလူအများ အပူဒဏ်ရှောင်ရန်ပြင်ဆင်နေကြချိန်တွင် သမ္မတကြီး ဒီဂေါလ် ခေါင်းဆောင်သော အစိုးရအဖွဲ့ကမူ အဲလီဆီနန်းတော်အတွင်းရှိ အစည်းအဝေးခန်းမကြီး၌ ကက်ဘိနက်အစည်းဝေးကို သဲသဲမဲမဲကျင်းပနေကြဆဲ။
Comments