၆။ မှော်ဆရာဇာတ်သိမ်း

         ၁၉၁၆ (ဂျူလီယန်ပြက္ခဒိန်အရ) ဒီဇင်ဘာလ ၁ရ ရက်၊ အခုကျွန်တော်တို့သုံးနေကြတဲ့ ကမ္ဘာ့ပြက္ခဒိန် (ဂရီဂေါ်ရီးယန်းပြက္ခဒိန်) နဲ့ဆိုရင် ဒီဇင်ဘာလ ၃၀ရက်နေ့မှာ အဲဒီအချိန်က ရုရှနိုင်ငံတော်ကြီးကို မင်းလုပ်အုပ်ချုပ်နေတဲ့ ရိုမန်နော့မင်းဆက် ဇာဘုရင် ဒုတိယမြောက် နီကိုလတ် စိုးစံရာ မင်းနေပြည်တော် စိန့်ပီတာစဘတ်မြို့တော်ကြီးတခုလုံး အုံးအုံးကြွက်ကြွက် ညံစည်သွားစေတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ် အဲဒါကတော့ ရပ်စပြုတင်းသေပြီဆိုတဲ့ သတင်းပါပဲ။ အချို့ကလည်း ကောင်းတယ် သေသင့်တာကြာပြီ မိစ္ဆာကောင်ကြီးလို့ပြောကြ ဝမ်းမြောက်ကြသလို အချို့ကလည်း ဒီလူကြီသေသွားလို့ ရုရှပြည်ကြီးအပေါ် ကံကြမ္မာဆိုးတွေများ ရိုက်ခက်လာလေမလားလို့ စိုးရိမ်ကြနဲ့ပေါ့။

            ဒီလောက်တောင် ကြီးကျယ်ထူးခြားတဲ့ သတင်းထူးကြီး ဖြစ်ရလောက်အောင်လို့ ရပ်စပြုတင်းဆိုတာက ဘယ်သူလဲ၊ သူသေတာကရော ဘာများထူးဆန်းလို့လဲ ...

               တကယ်တော့ ရပ်စပြုတင်း ဆိုတဲ့လူဟာ အဲဒီခေတ် နန်းတွင်မှာ အင်မတန်မှ သြဇာကြီးမားတဲ့ ဘုရင်ကိုးကွယ်တဲ့ ဘိုးတော်ကြီးတပါးပါ။ ဘိုးတော်လို့သာ လွယ်လွယ်ပြောရပေမဲ့ ရပ်စပြုတင်းကို ကိုးကွယ်သူများကတော့ သူဟာ သူတော်စင်ရဟန်းတစ်ပါး၊ ဘုရားသခင်ရဲ့ကိုယ်စားလှယ်တော် တစ်ပါးလို့တောင် ယူဆယုံကြည်ခဲ့ကြပါသတဲ့။ ဒီလိုယုံကြည်ကြရအောင်လည်း သူကလည်း အတော့်ကိုအစွမ်းထက်သူပါ၊ မျိုးရိုးကြောင့် သွေးလွန်တဲ့ရောဂါ (Haemophilia) ခံစားနေရရှာတဲ့ ရုရှထီးနန်းကိုဆက်ခံရမဲ့ မင်းသားလေး အလက်ဇိုင်းနီကိုလာဗစ်ကို ကမ္ဘာအရပ်ရပ်က အတော်ဆုံးဆိုတဲ့ သမားတော်တွေ အထူးကုတွေတောင် လက်မြောက်ထားရတဲ့ကြားကပဲ ရပ်စပြူတင်က ရောဂါသက်သာသွားအောင် ကုသပေးနိုင်ခဲ့ပါသတဲ့။

        အဲဒီလို ကြီးကျယ်ခဲ့တဲ့ ရပ်စပြုတင်းဟာ တကယ်တော့ ရုရှနိုင်ငံအရှေ့ပိုင်း ဆိုက်ဘေးရီးယားနယ်ထဲက ရွာငယ်လေးတရွာက ဆင်းရဲသား လယ်သမားမိဘက ပေါက်ဖွားလာသူ သာမန်ကျေးတောသားလေးပါ။ သူ့ကို ၁၈၆၀နှောင်းပိုင်းနှစ်တွေမှာ မွေးခဲ့တယ်လို့ ယူဆရပြီး အကိုတယောက်နဲ့ ညီမတယောက်ရှိပေမဲ့ သူ့အကိုဟာငယ်ငယ်လေးကပဲ ကွယ်လွန်သွားရှာတယ်။ သူ၁၈နှစ်သား အရွယ်ရောက်တော့ သူတို့ဒေသထဲက ဘုန်တော်ကြီးကျောင်းတကျောင်းမှာ သူတို့ကိုးကွယ်ရာ ရုရှအယူမှန်ခရစ်ယာန်ဘာသာရေးစာပေတွေကို ၃လလောက် လေ့လာလိုက်စားခဲ့သတဲ့ ဒါပေမဲ့လည်း မကြာခင်မှာပဲ သူဟာ အဲဒီအချိန်တုန်းက ရုရှမှာ ဘာသာရေးအရ ကိုးကွယ်ခြင်းကို တားမြစ်ထားတဲ့ ခရိုင်စတီ (khlysty) ဆိုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲတခုနဲ့ ဆက်သွယ်မိပြီး အဲဒီဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်လို့ ယူဆသူတွေက ယူဆကြပါတယ်။

       ဒီဂိုဏ်းကို ဘာလို့ပိတ်ပင်ထားရသလဲဆိုတော့ ဒီဂိုဏ်းဟာ ခရစ်ယာန်သာသနာရဲ့ သင်ကြားပို့ချချက်တွေနဲ့ ဆန့်ကျင်ပြီး စုန်းကဝေ၊ မှော်၊ ဂန္ဓာရီအတတ်ပညာတွေကို လေ့လာလိုက်စားတာကြောင့်လို့ ဆိုပါတယ်။ အဲဒီခေတ်ရုရှပြည်မှာပြောကြတဲ့ ကောလဟာလတွေအရ ဒီဂိုဏ်းရဲ့ကျင့်စင်တွေထဲမှာ လိင်နဲ့ပတ်သတ်တဲ့ကျင့်စဉ်တွေ၊ ကာမသျှတ္တရတွေလည်း လေ့လာလိုက်စားကြပါသတဲ့။ ကျောင်းကထွက်တော့ ရပ်စပြူတင်းအိမ်ထောင်ကျပြီး ကလေးသုံးယောက်ရသတဲ့၊ အတည်မပြုနိုင်တဲ့ အပြောတွေအရဆိုရင် ရပ်စပြူတင်းမှာ အဲဒီမိန်းမနဲ့ကလေးအပြင် အခြားမိန်းမတွေနဲ့ညားပြီး ရတဲ့ကလေးတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ နောက်တော့ ရပ်စပြူတင်ဟာ ဘုရားဖူးထွက်မယ်ဆိုပြီး အိမ်ကထွက်သွားရောတဲ့။ သူဟာ ရုရှတောင်ပိုင်းကိုဖြတ်ပြီး အယူမှန်ကျောင်းတော်ကြီးတွေရှိရာ ဂရိပြည်ကိုသွားတယ် နောက်တော့ ပါလက်စတိုင်းပြည် ဂျေရုစလင်ကိုရောက်၊ အဲဒီကနေမှ ဘယ်လိုဘယ်လိုနဲ့ ဥရောပမြောက်ပိုင်း ဘော်လတစ်ပင်လယ်နားက စိန့်ပီတာစဘတ်ကို ရောက်သွားသလဲ မသိပါဘူး။

           နန်းတွင်းထဲရောက်သွားတာကတော့ မိဖုရားကြီးဇာရစ်ဆာ ခေါ် အလက်ဇန္ဒြားဖီရိုဒိုနာရဲ့ မိတ်ဆွေ လေဒီအန်နာဗာရိုဗိုဗာရဲ့ ထောက်ခံချက်နဲ့တဲ့။ အဲဒီမိန်းမကြီးရဲ့ အဖြစ်ကလည်း အတော်လေးထူးဆန်းတယ် သူမဟာ ဇာစကိုဆီလိုမြို့ကနေ စိန့်ပီတာစဘတ်မြို့ကို မီးရထားနဲ့အပြန်မှာ ရထားမတော်တဆ တိမ်းမောက်မှု ဖြစ်ရာကနေ သေလုမျောပါး ဒဏ်ရာရသွားပါသတဲ့၊ ဆရာဝန်တွေက သူမရဲ့အသက်ကို ကယ်တင်လိုက်နိုင်ပေမဲ့ တစ်ကိုယ်လုံးနည်းပါး စုတ်ပြတ်သွားတဲ့ အန်နာဟာ ကိုမာဖြစ်လုလုအနေထားကို ရောက်သွားပါတယ်။ ဒါကိုဆရာဝန်တွေကလည်း မကုသနိုင်ပဲ ရှိနေရာက ရပ်စပြူတင်းဆိုတဲ့ ဘုန်းကြီးခေါ်ရမလား ဘိုးတော်ခေါ်ရမလား အဲဒီလူနဲ့တွေ့ပြီး ကုသလိုက်တာ အကောင်ပကတိဖြစ်သွားရောတဲ့။ ရက်စပြူတင်းက အန်နာကို ကုသပုံကလည်း အတော်ထူးဆန်းတယ်လို့ဆိုတယ်၊ သေလုမျောပါး အန်နာအနီးကိုလာထိုင်ပြီး အန်နာလက်ကို ညင်ညင်သာသာလေး ကိုင်လိုက်တယ် ပြီးတော့မှ “အန်နက်ရှာ အန်နက်ရှာ ထ ထ”လို့ စူးစိုက်ရေရွတ်လိုက်တာနဲ့ မျောနေတဲ့ အန်နာဟာ ရုတ်တရက်နိုးထလာပြီး ထထိုင်ဖို့ကြိုးစားပါလေရောတဲ့။

           ဒီလိုနဲ့ ရပ်စပြူတင်းဟာ ရုရှနန်းတွင်းမှာ အင်မတန်သြဇာကြီးမားတဲ့ သမာတော်ကြီး၊ ဘုရင့်အနီးကပ်အကြံပေးကြီး ဖြစ်လာတယ်။ ဇာဘုရင်ကိုယ်တိုင်က ရပ်စပြူတင်းဟာ သူရဲ့အရင်းနှီးဆုံး မိတ်ဆွေကြီး၊ မြင့်မြတ်သောသူတော်စင်ကြီးလို့ နုတ်ကဖွင့်ပြောချီးကျူးတဲ့ အထိပဲတဲ့။ အများစုရဲ့အမြင်မှာ ရပ်စပြူတင်းဟာ အပြစ်တွေကို ကင်းစင်အောင် လုပ်ပေးနိုင်တဲ့ ကောင်ကင်ဘုံရဲ့ ကိုယ်စာလှယ်တဦး လို့တောင် ယူဆထားသူတွေရှိကြသတဲ့။ ဒါပေမဲ့ သူတော်စင်လား ဘာလားတော့ မသိပါဘူး နန်းတွင်းမှာရှိတဲ့ အမျိုးသမီးတွေမှန်သမျှ သူနဲ့ကင်းသူ သူ့လက်ကလွတ်သူ မရှိသလောက်ပဲတဲ့၊ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို ရပ်စပြူတင်းလက်က လွတ်သူရှားတယ်လို့ ဆိုကြပါတယ်။ အဲ ရပ်စပြူတင်းရဲ့ အပြုစုကိုခံယူပြီးသူတိုင်းကလည်း ရပ်စပြူတင်းကို စွဲလမ်းသွားကြတာချည်းပဲတဲ့။ ဒီထဲမှာ မိဖုရားကြီးရော၊ ဘုရင့်ညီမတော်ရော၊ ဘုရင့်သမီးတော်လေးတွေပါ အပါဝင်ပဲလို့ ကောလဟာလတွေ ထွက်လာသတဲ့ ဟုတ်မဟုတ် အတိအကျမပြောနိုင်ပေမဲ့ ဒီကောလဟာလတွေဟာ အခြေအမြစ်ရှိတဲ့ ကောလဟာလတွေလို့ ဆိုကြပါတယ်။

         ဒီလိုနဲ့ ရပ်စပြူတင်းဟာ ရုရှားရဲ့သြဇာအရှိဆုံး မိသားစုတွေရဲ့ မိန်းမတွေကို အပီကိုင်ထားနိုင်တဲ့အတွက် သူ့ရဲ့သြဇာဟာ နန်းတွင်းမှာ အတော်လေးကြီးကျယ်ခဲ့တယ်လို့ ပြောရမှာပေါ့။ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတိုင်းတော့ ဟုတ်ဟန်မတူပါဘူး၊ တခါကဆို နန်းတွင်းက အနွယ်တော်မင်းသမီးတယောက်ကို သွားပြီးချစ်ခန်းဖွင့်တာ ဟိုကလက်မခံတာနဲ့ ပြဿနာတတ်ဖူးသတဲ့ ဒါပေမဲ့ ဒီပြဿနာကိုကြားတော့ မိဖုရားကြီးဇာရစ်ဆာက “ဟယ်မဟုတ်ကဟုတ်က သူတော်စင်က ဒီလိုလုပ်ပါ့မလား ဒါမဖြစ်နိုင်တဲ့ စွတ်စွဲချက်ပဲ တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်တောင် သခင်က မင်းရဲ့ကောင်းကျိုးကို လိုလားလို့ လုပ်တာသာဖြစ်မယ် ဆိုပြီးပယ်ချလိုက်တယ်” တဲ့။

          ဒီလိုအနေအထားနဲ့ဆိုတော့ ရပ်စပြူတင်းကို မလိုလားသူတွေ များလာတာပေါ့၊ အထူးသဖြင့် ယောင်္ကျားသားတွေ ဖြစ်မှာမလွဲဘူးပေါ့လေ။ ရုရှားအယူမှန်ကျောင်းတော်ကလည်း ရပ်စပြူတင်းကို မိစ္ဆာကောင်ဆိုပြီး ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ပြောရမယ်ဆို ဇာဘုရင် ဒုတိယမြောက် နီကိုလတ်နဲ့ သူ့မိဖုရားဇာရစ်ဆာတို့ကို အဲဒီအချိန်က ရုရှားရဲ့နိုင်ငံတော်ဘာသာ ခရစ်ယာန်အယူမှန် ကျောင်းတော်ကြီးရဲ့ ဦးဆောင်ဘုန်းတော်ကြီးတွေကလည်း သိပ်ပြီးတော့မကြည်ကြပါဘူး။ မကြည်ရတာက နီကိုလတ်ဟာ အင်္ဂလန်က ဘုရင်မကြီး ဝိတိုရီယားနဲ့ ဂျာမန်ဘုရင်ကြီး ဝီလျံကိုင်ဇာနဲ့ တူအရီးတော်သလို မိဖုရားကြီးဇာရစ်ဆာကလည်း ဂျာမန်သွေးသိပ်ပါလွန်းတယ်။ ဂျာမန်သွေးပါလွန်းတော့ ဂေါသစ်တွေရဲ့စိတ်ဓါတ်နဲ့ အစဉ်လာတွေနဲ့ နီးစပ်မှာပေါ့၊ ဂေါသစ်တွေက စုန်းတွေ၊ ကဝေတွေ၊ မှော်တွေ ဂန္ဓာရီပညာတွေကို အားသန်တဲ့လူမျိုးတွေမဟုတ်လား။ ပြီးတော့ ဂျာမန်တွေက ကက်သရစ်ခရစ်ယာန်တွေလေ။ ဒါ့အပြင် ဘုန်းတော်ကြီး ဂါပွန်ဦးဆောင်တဲ့ ၁၉၀၅ ဇန္ဒာဝါရီ၂၂ တနင်္ဂနွေနေ့ ငြိမ်းချမ်းစွာချီတတ်ပွဲကို ဇာဘုရင်က ရက်ရက်စက်စက်ဖြိုခွဲခဲ့လေတော့ သူတို့က ဘယ်ကျေနပ်ကြပါ့မလဲ။

          အဲဒီတုန်းက ရုရှားရဲ့အခြေနေကလည်း အတော်လေးဆိုးဝါးနေတယ်၊ ရုရှားကို ဥရောပရဲ့အထည်ကြီးပျက် လူမမာကြီးလို့ တင်စားနေကြတဲ့အချိန်ပေါ့။ ရုရှားရဲ့ပြိုင်ဘက် ဂျာမဏီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ စတဲ့နိုင်ငံတွေက စက်မှုတော်လှန်ရေးနဲ့အတူ အရင်းရှင်စနစ်ထဲမှာ အားကောင်းမောင်းသန် ဖြစ်လာနေတဲ့အချိန်မှာ ဥရောပရဲ့ အင်အားကြီးတစ်နိုင်ငံဖြစ်တဲ့ ရုရှားကတော့ မြေရှင်ပဒေသရာဇ်စနစ်ထဲမှာ ယောင်ပေပေ ကျံရစ်နေတဲ့အချိန်ပေါ့။ ဒီတော့လည်း ပြည်သူအများစုက ဆင်းရဲကြတာပေါ့။ ပြီးတော့ ရင့်မှည့်တဲ့ စက်မှုတော်လှန်ရေး မဖြစ်လာသေးတဲ့ ရုရှားမှာ မြေရှင်ကြီးတွေဦးဆောင်တဲ့ အရင်းရှင်ဒီမိုကရေစီစနစ်ကို သွပ်သွင်းဖို့ကြိုးစားတဲ့အခါ အူကြောင်ကြား မနူးမနပ်နိုင်ငံရေးစနစ်ဖြစ်လာတာပေါ့။ ဒီလိုနဲ့ ပြည်သူလွှတ်တော်(ဒူးမား)က ဘုရင့်အာဏာကို ကန့်သတ်ဖို့ကြိုးစား ဘုရင်က ဒူးမားကိုထိန်းချုပ်ဖို့ကြိုးစားနဲ့ ရှုပ်ကုန်ရော၊ အဲဒီအချိန်မှာ ဥရောပရဲ့ ဆွေတော်မျိုးတော်များ စစ်ပွဲကြီးလို့ခေါ်တဲ့ ပထမကမ္ဘာစစ်ထဲ အမျိုးအနွယ်ဆလတ်ကိုလိုက်ပြီး ရုရှားက စစ်ထဲဝင်လိုက်တော့ အခြေနေကပိုဆိုးကုန်တာပေါ့။ ဒီတော့ ဆင်းရဲကျပ်တည်းမှုပိုဖြစ်လာတဲ့ ခေတ်အဆက်ဆက် အဖိနှိပ်ခံ ပြည်သူတွေဟာ နန်းတော်ကိုရော၊ မြေရှင်ပဒေရာဇ်ကြီးတွေရော၊ အရင်းရှင်တွေကိုပါ ဆန့်ကျင်လာကြရောတဲ့။ ပထမတော့ ပစ္စည်းမဲ့ အောက်ခြေဆင်ရဲသား လူတန်းစားတွေက ရပ်စပြူတင်းဟာ သာမန်လယ်သမားမို့ အားကိုးခဲ့ကြသေးသတဲ့၊ ဒါပေမဲ့ ရပ်စပြူတင်းရဲ့ လုပ်ရပ်တွေသိလာတော့ သူ့ကိုအပြင်းအထန်ဆန့်ကျင်လာကြတယ် ခရစ်ယာန်သာသနာတော်ကို ညိုးနွမ်းအောင် လုပ်တဲ့သူအနေနဲ့ရောပေါ့လေ။ ဒါကြောင့်လဲ တနေ့ရပ်စပြူတင်းဟာ သူမွေးရပ်ကိုအပြန် သူ့မွေးရပ်မြေမှာ တချိန်က သူ့ကိုကိုးကွယ်ခဲ့သူ ပြည့်တန်ဆာမတယောက်က ခရစ်တော်ကိုဆန့်ကျင်တဲ့ မိစ္ဆာကောင်ဆိုပြီး ဒါးနဲ့ထိုးလုပ်ကြံတာကိုခံရပါသတဲ့ ဒါပေမဲ့ အံ့သြစရာပဲ ရပ်စပြူတင်းမသေဘူး။

            ဒီလိုနဲ့ ရပ်စပြူတင်းကိုရှင်းပစ်ဖို့၊ နိုင်ငံရေးကဖယ်ထုတ်ဖို့၊ နန်းတော်အတွင်းကဖယ်ရှားဖို့  ပြည်သူတွေကရော နန်းတွင်းကပါ ပြင်ဆင်လာကြပါလေရော။ ပထမတော့ အစိုးရအဖွဲ့က လွှတ်တော်မှာ ရပ်စပြူတင်းကို သာသနာတော် ညိုးနွမ်းအောင်လုပ်မှုနဲ့ ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ကြသေးတယ် ဒါပေမဲ့ မိဖုရားကြီးက ထောက်ခံနေတော့ ရပ်စပြုတင်းကို ဘာမှလုပ်မရဘူး ဒီတော့ဘာမှမဖြစ်လာဘူး။ ဒီထက်ဆိုးလာတာက စစ်ကြီးထဲမှာ ရုရှားတပ်တွေအထိနာတဲ့အခါ ဒီစစ်ကြီးကို ဇာဘုရင်ကိုယ်တိုင် ဦးဆောင်မှ အောင်ပွဲရမယ်မယ်လို့ ရပ်စပြူတင်းက ဟောပြောတာပဲ။ အဲဒီတုန်းက စစ်ပွဲကို ဦးစီးသူက မင်းသားကြီးနီကိုလတ်တဲ့ သူက ဇာဘုရင်ရဲ့ ဝမ်းကွဲအကို။ ဒီလို ရပ်စပြူတင်းက ပြောတော့ မင်းသားကြီးရဲ့ ဂိုဏ်းသားတွေ အရမ်းဒေါသထွက်ကြတာပေါ့။ ပြီးတော့ ရပ်စပြူတင်းဟာ တချိန်လုံးစစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို တောင်းဆိုနေခဲ့သတဲ့၊ ဒီတော့ စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေနဲ့စစ်သားတွေက မကျေနပ်ဘူး၊ ဒါကြောင့်လဲ နန်းတော်ရဲ့အစီစဉ်နဲ့ ရှေ့တန်းရောက် တပ်မတော်သားတွေကို ရပ်စပြူတင်းက ကောင်းချီးပေးမင်္ဂလာ လုပ်ပေးမယ် သဒ္ဓိတင်ပေးမယ်လို့ဆိုတော့ မင်းသားကြီးနီကိုလတ်က လာရဲလာကြည့် ဖမ်းပြီးမီးရှို့သတ်မယ်လို့ ကြိမ်းသတဲ့။

          နောက်ဆုံး နန်းတွင်းနန်းပြင်က မနှစ်သက်တဲ့ ရပ်စပြူတင်းကို မင်းသားဖီးလစ်ယူဆတ်ပေါ့ ဦးဆောင်တဲ့အုပ်စုက လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်၊ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လယ်ဆယ်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့လို့ ပြောပါတယ်၊ ဒါပေမဲ့ လူတွေကတော့ ဒီအကြောင်းပြချက်ဟာ မခိုင်လုံဘူးတဲ့။ ဒီအုပ်စုထဲမှာ မင်းသားဖိလစ်အပြင် မင်းသားဒီမီထရော့နဲ့ လက်ယာစွန်းနိုင်ငံရေးသမား ဗလာဒီမာပွတ်ရှက်လည်းပါတယ်ဆိုတော့ နန်းတော်ရဲ့ ဂုဏ်သိက္ခာဆယ်ဖို့ ရပ်စပြူတင်ကို သတ်တာမဟုတ်ဘူးလို့ စွတ်စွဲကြတာလဲ ဖြစ်နိုင်တာပဲ၊ ဒါမှဟုတ် စွံလွန်းတဲ့ ဘိုးတော်ကို မနာလိုလို့လား။ 
               လုပ်ကြံရေးအုပ်စုဟာ လုပ်ကြံမဲ့နေ့မတိုင်မှီ စာပို့ပြီး ရပ်စပြူတင်းကို မင်းသားဖီးလစ်ရဲ့စံနန်း မိုကာအိမ်တော်ကြီးကို အလည်လာဖို့ ညစာလာစားဖို့ ဖိတ်လိုက်ပါတယ်၊ ဖိတ်စာထဲမှာ မင်းသားဖိလစ်က သူမိန်းမ မင်းသမီးအာရီနာလဲ ရှိမယ်ဆိုတာကို ထည့်ရေးထားသတဲ့၊ အာရီနာဆိုတာက အရမ်းချောတယ်လို့ နာမည်ကြီးနေတဲ့ ဇာဘုရင်ရဲ့ တူမတစ်ယောက်လေ။

             ဒီလိုမြူဆွယ်တော့ ရပ်စပြူတင်းမနေနိုင်ဘူး၊ တကယ်ဆို စာရတဲ့အချိန်မှာ ရပ်စပြူတင်ဟာ သူ့မွေးရပ်ကို ရောက်နေတာ၊ ချိန်းဆိုတဲ့စာရတော့ ဘိုးတော်ကြီး မနေနိုင်ဘူး ချက်ချင်း စိန့်ပီတာစဘတ်ကို တက်လာတာပဲတဲ့။ အိမ်တော်ရောက်တော့ အာရီနာရှိမနေပါဘူး ဒါပေမဲ့ ရပ်စပြူတင်းနဲ့ မင်းသားဖီးလစ်တို့အုပ်စု ညစာစားဖြစ်ခဲ့ကြပါတယ်။ 
           ညစာစာတုန်း ဖီးလစ်တို့အုပ်စုက ရပ်စပြူတင်းကို ဝိုင်အရက်တွေ ဝိုင်းတိုက်ကြသတဲ့ အဲဒီဝိုင်တွေထဲမှာ ဆိုင်ရာနိုက်အဆိပ်တွေအများကြီး ထည့်ထားတယ်လို့ နောက်ပိုင်းမှာ ထွက်ဆိုကြတယ်။ ဒါပေမဲ့ ထူးဆန်းတာက လူ၅ယောက်လောက် တုန်းကနဲသေနိုင်လောက်တဲ့ အဆိပ်တွေကို ရပ်စပြူတင်က အပြုံးတောင်မပျက်ဘူးဆိုပဲ၊ ပျင်းတောင်ပျင်းသေးတယ်ပေါ့။ ဒါနဲ့ ဖီးလစ်က ကြောက်ကြောက်နဲ့ မထူးတော့ပါဘူးကွာဆိုပြီး သေနတ်နဲ့ထပ်ပစ်တယ် ဒါလည်းမသေဘူးတဲ့ ဖီလစ်ကိုတောင် တိုက်ခိုက်ပြီး ရပ်စပြူတင်းက ထွက်ပြေးလို့ ဒီမီထရော့က နောက်ထပ် ၄ချက်လောက် ထပ်ပစ်ရသေးသတဲ့၊ နောက်ဆုံး နဖူးကိုပစ်လိုက်မှ ငြိမ်ကျသွားတော့တယ်တဲ့။ ဒါတောင် သေသွားပြီလို့ မယူဆရဲသေးတဲ့ ဖီလစ်တို့က အလောင်းကို ကော်ဇောနဲ့ပတ် အသေအချာချည်တုတ်ပြီး ရေခဲနေတဲ့ မြို့နားက နီးဗာမြစ်ထဲ သွားပစ်ချခဲ့တာတောင် အလောင်းပြန်ရတော့ ရပ်စပြူတင်းအလောင်းဟာ ချည်ထားတာကနေ လွတ်နေပြီး လက်နှစ်ဖက်ကို မြှောက်ပြီး ရေခဲထုအောက်က ရုန်းထွက်ထားဟန် တွေ့ရသေးသတဲ့။ မှုခင်းဆရာဝန်တွေရဲ့ တွေ့ရှိချက်အရလည်း သေဆုံးတာဟာ သေနတ်ဒဏ်ရာကြောင့် သေတာမဟုတ်ပဲ ရေနစ်လို့ ရေမွှန်းပြီး သေတာဖြစ်တယ်လို့ ဆိုပါတယ်။

           ဒီလိုနဲ့ နန်းတွင်းပျောက်စေဆရာကြီး ဇာတ်သိမ်းသွားခဲ့ရရှာတယ်၊ ဒါပေမဲ့ မပြီးဆုံးသေးတာက ရပ်စပြူတင်ရဲ့ ကျားလိင်အင်္ဂါပြဿနာ။ 
      သတင်းတွေအရ ရပ်စပြူတင်ရဲ့ လိင်အင်္ဂါကို ဖီလစ်တို့လူသိုက် ဖြတ်ယူထားလိုက်တယ်လို့ဆိုကြတယ်၊ တရားဝင် ပုလိပ်မှတ်တမ်းထဲမှာတော့ အဲဒီအကြောင်းကို မဖေါ်ပြထားပါဘူး။ ဒါပေမဲ့ ရပ်စပြူတင်းရဲ့သမီး မာရီယာရဲ့အဆိုအရ သူ့အဖေမှာ သာမန်လူတွေထက် ထူးခြားပြီး သာမန်လူတွေထက် ပိုမိုကြီးမားတဲ့ လိင်အင်္ဂါရှိတယ်လို့ဆိုတယ်။ ဒါပေမဲ့ မာရီယာကတော့ သူ့အဖေကို မှော်ဆရာကြီး ပျောက်စေဆရာကြီးလို့ မမြင်ပါဘူး သာမန်လူသားတယောက်၊ ဆေးပညာရှင်တယောက်လို့သာ ယူဆပါတယ်။ 
           ခေတ်သစ်ဆေးပညာရှင်တွေကလည်း ရပ်စပြူတင်းရဲ့ကုထုံးတွေမှာ အိပ်မွေ့ချကုသနည်းကို သုံးသွားတာ၊ အဲဒီခေတ်က မပေါ်သေးတဲ့ အက်စရင်ဆေးကိုသုံးပြီး အနာအကျင် သက်သာအောင်လုပ်သွားတာ၊ စိတ်ပညာကုထုံးတွေသုံးသွားတာပါလို့ ယူဆကြတယ်။ ရပ်စပြူတင်းဟာ ပေါက်မြောက်သွားတဲ့ ဂန္ဓာရီပညာရှင် (enchanter) တစ်ယောက်ဖြစ်နိုင်မယ် ထင်ရတာပဲ။
         ဒါတွေထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ရပ်စပြူတင်းနဖူးက သေနတ်ဒဏ်ရာပါပဲ။ ဒီသေနတ်ဒဏ်ရာဟာ ကျန်ဒဏ်ရာတွေနဲ့မတူပဲ ပိုကြီးပါတယ် ဒါဟာဘာကိုပြသလဲဆိုတော့ ဒီဒဏ်ရာရစေတဲ့ ကျည်ဆံဟာ ကြေးငုံခဲထိပ်ဖူး (metal-jacketed bullets) မဟုတ်ပဲ ခဲသားသက်သက်ထိပ်ဖူး (large lead non-jacketed bullet) ကျည်ဆံဖြစ်နေတယ်၊ ဒါဟာ အဲဒီခေတ်တုန်းက ဗြိတိသျှထောက်လှမ်းရေးတပ်ဖွဲ့သုံး ဝက်ဘလေခြောက်လုံးပြူး (Webley revolvers) ကျည်ဆံရာလို့ သုတေသီတွေက ယူဆကြပါသတဲ့။ ဒီကနေတဆင့် ရပ်စပြူတင်ရဲ့ သေဆုံးမှုမှာ ဗြိတိသျှထောက်လှမ်းရေးက ပါဝင်ပတ်သတ်နေမယ်လို့ ယူဆကြပါလေရော၊ ဘာလို့လဲဆိုတော့ ရပ်စပြူတင်က စစ်ရပ်စဲဖို့အတွက် မိဖုရားကြီးအကူညီနဲ့ ဘုရင်ကြီးကို တိုက်တွန်းနေတာမို့ ရုရှားစစ်မျက်နှာတိုက်ပွဲမရှိတော့ရင် အနောက်ဘက်မျက်နှာဘက်ကို ဂျာမန်တပ်တွေ စစ်ဦးပိုလှည့်လာနိုင်မှာကို ဗြိတိသျှတွေက စိုးရိမ်နေလို့ပဲဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ အချိန်တုန်းက အောက်စဝက်ရေနာဆိုတဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိတစ်ဦးဟာ စိန့်ပီတာစဘတ်မှာရှိနေပြီး ဒီလူဟာ မင်းသားဖီးလစ်နဲ့ အောက်စဖို့မှာတုန်းက ကျောင်းနေဘက်တွေလို့ ဆိုကြပါတယ်။

           မိဖုရားကြီးဇာရစ်ဆာဟာ ရပ်စပြူတင်းကို တော်ဝင်မိသားစုတွေမြုတ်နှံတဲ့နေရာမှာ အခန်းအနားနဲ့ မြုတ်နှံပေးခဲ့သတဲ့၊ ဒါပေမဲ့ အောက်တိုဘာတော်လှန်ရေးကြီးပြီးသွားလို့ ဘောရှီဗစ်လို့ခေါ်တဲ့ ကွန်မြူနစ်တွေအာဏာရလာတော့ ရပ်စပြူတင်ရဲ့အလောင်းကို ပြန်ဖေါ်ပြီး မီးရှို့ပစ်ကြသတဲ့၊ အဲဒီအချိန်မှာ ရပ်စပြူတင်းအလောင်းကောင်ကြီးက ရုတ်တရက်ထထိုင်ပြီး မီးပုံထဲက ခုန်ထွက်ဖို့ကျိုးစားတယ် ဆိုတဲ့စကားတွေ ထွက်လာသေးတယ်၊ ဆေးပညာရှင်တွေကတော့ ဒါဟာတကောက်ကြောကို မဖြတ်ထားလို့ အကြောဆွဲတာပါလို့ ပြောကြပါတယ်။

           သူသေပြီးသိပ်မကြာပါဘူး ဘော်ရှီဗစ်တွေ အာဏာရသွားတာပဲ။ တကယ်လို့ အဲဒီတုန်းကသာ သူမသေခဲ့ရင်လဲ ဘော်ရှီဗစ်လက်ထဲမှာ သူအသတ်ခံမှာအမှန်ပဲ၊ အဲဒီအခါဆို ပိုတောင်နာဦးမှာ။

ကိုးကား -
1/ http://en.wikipedia.org/wiki/Grigori_Rasputin
2/ http://www.alexanderpalace.com/2006rasputin/index.html
3/ https://www.cs.tcd.ie/~peircen/xhtml/death_part_2.htm

Comments

မော်မော်ရေ... လည်လည်ရောက်လာပြီ...
အတော်ပဲ... ကျူးပစ်မှာ ၀င်ဖတ်လို့မရတဲ့သူတွေ ဖတ်ချင်ရင် ဒီမှာ ညွှန်ပေးလို့ ရပြီ...
း-)

ဝေးးး ...
တို့မောင်လေး မော်မော် ဘလော့မှာ ပထမဆုံး ကော်မန့် ပေးခဲ့တဲ့သူကွ...

ချစ်ခစ်စွာဖြင့်... အစ်မကြီးစု
Sai Naw said…
လာလည်သွားပါတယ် ကိုမော်ကင်းရေ...

အစ်မကြီးစုက ကျနော့်ထက်ဦးသွားခဲ့တာကိုး... ဒုတိယပေါ့ဗျာ...

စကားမစပ်.. ပျောက်ချက်သား ကောင်းနေတယ်နော် ဆြာ..

Popular Posts