၅။ အမုန်းမေ့ခံ ကန္တာရကျားသစ်တကောင်၏ နောက်ဆုံးနေ့

               ၁၉၈၁ အောက်တိုဘာလ ၆ရက်ဟာ အီဂျစ်ရဲ့တပ်မတော်အောင်ပွဲနေ့ပါ။ သစ်လွင်တောက်ပတဲ့ စစ်ဝတ်စုံတွေ ဆင်ရင်ထားပြီး တတ်ကြွနေတဲ့ ဒုံပျံတပ် ကုလားအုတ်တပ် သဲကန္တာရမြင်းတပ် သံချပ်ကာတပ် စတဲ့ အီဂျစ်လက်နက်ကိုင် တပ်ဖွဲ့တွေအသီးသီးဟာ သူတို့မှာရှိတဲ့ ခေတ်မှီလက်နက်ကြီးတွေကို ဂုဏ်ယူဝံ့ကြွားပြသရင်း စစ်ရေးပြအခန်းအနား ကျင်းပရာ ရင်ပြင်ကြီဆီ ချီတတ်လာခဲ့ကြပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်တော့ အီဂျစ်သမ္မတကြီး အန်ဝါအယ်ဆာဒတ်ဟာ သူရဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖိတ်ကြားထားတဲ့ နိုင်ငံခြားဧည့်သည်တော်များ ခြံရံပြီး စစ်ရေးပြကွင်းအတွင်းဝင်လာတယ် နောက် အခန်းအနားစင်မြင့်မှာ နေရာယူပါတယ်။

              သမ္မတကြီးနဲ့အဖွဲ့ နေရာယူပြီးမကြာဘူး အီဂျစ်လေတပ်မတော်က အဲဒီခေတ်က ကမ္ဘာကျော် တိုက်လေယာဉ်တွေထဲမှာ အရမ်းနာမည်ကျော်တဲ့ ပြင်သစ်လုပ်မီးရပ်တိုက်လေယာဉ်တွေ ပျံသန်းပြရင်း သူတို့လေတပ်ရဲ့ စွမ်းရည်ကိုပြသပါတော့တယ်။ ကောင်းကင်မှာ ဂျွန်းထိုးမှောက်ခုံ အမျိုးမျိုးသော ပျံသန်းစွမ်းရည်ကို ပြနေတဲ့ ဂျက်တိုက်လေယာဉ်ကို ကြွရောက်လာတဲ့ ဧည်ပရိသတ်တွေနဲ့အတူ သမ္မတကြီးအန်ဝါဆဒတ်တစ်ယောက် ဝမ်းသာအားရ ငေးကြည့်နေတုန်း မီးရပ်တိုက်လေယာဉ်မှူးတွေက ရောင်စုံမီးခိုးတွေမှုတ်ထုတ်ပြီး အလှပျံသန်းပြပါတယ် အဲဒီအချိန်မှာပဲ ဗြုန်းဆို ဗိုလ်မှူးအဆင့်အရာရှိတယောက် သမ္မတကြီးထိုင်နေတဲ့ စင်အနီးကိုပြေးဝင်လာတယ်၊ ရုတ်တရပ်ဆိုတော့ သတင်းပို့တယ်ထင်မိလိုက်တဲ့ သမ္မတကြီးက သူ့ကိုအလေးပြုတယ်အထင်နဲ့ ပြန်ပြီးအလေးပြုလိုက်တဲ့အချိန်မှာပဲ ဆိုဗီယက်လုပ် ကလပ်ရှီနီကော့ အေကေ၄၇ မောင်းပြန်စက်သေနတ်သတွေ ဆူညံထွက်ပေါ်ထွက်လာပါတော့တယ်။

              သမ္မတကြီးအန်ဝါဆာဒတ်ကို အီဂျစ်စစ်သားများလုပ်ကြံပါပြီ၊ နောက်ထပ် တပ်သား ၃-၄ယောက် တန်းစီစစ်ရေးပြနေရာက ပြေးထွက်လာပြီး လက်ပစ်ဗုံးတွေ သေနတ်တွေနဲ့ သမ္မတကြီးနဲ့ ဧည့်သည်တော်တွေကို ပစ်ခတ်လုပ်ကြံပါတယ်၊ အဓိကလုပ်ကြံတာက သမ္မတကြီးအန်ဝါဆာဒတ်ကိုပေါ့၊ သမ္မတရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေကလည်း စစချင်းခဏတော့ ကြောင်သွားပေမဲ့ ချက်ချင်းဆိုသလို လုပ်ကြံသူတွေကို ပြန်လည်ပစ်ခတ်ပါတယ်။ အနီးအပါး ကျည်ကွယ်မျက်ကွယ်က အစိုးရအဖွဲ့ဝင် ခေါင်းဆောင်အချို့ဟာ သမ္မတကြီးအကာကွယ်ရအောင် ထိုင်ခုံတွေကို ပစ်ပေးကြသေးတယ်ဆိုပါတယ် ဒါပေမဲ့ အသေအချာပြင်ဆင်လာတဲ့ လုပ်ကြံသူတွေက အရမ်းလျင်မြန်လွန်းနေတော့ သမ္မတကို မကာကွယ်နိုင်ပါဘူး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သမ္မတကြီးကို ကယ်တင်နိုင်ချိန်မှာတော့ သမ္မတကြီးဟာ သေနတ်ဒဏ်ရာတွေနဲ့ သတိလစ်နေပါပြီ၊ ဆေးရုံကိုယူအသွား ဆေးရုံအရောက်မှာ သေဆုံးသွားပါတော့တယ်။

            လုပ်ကြံသူတွေထဲက ဒုဗိုလ် ခါလစ်အစ္စလာမ်ဘူလီ နဲ့ အခြား ၃ယောက်ကို လုံခြုံရေးတပ်က လက်ရဖမ်းဆီးရမိလိုက်ပြီး လုပ်ကြံရေးခေါင်းဆောင်လို့ ယူဆရတဲ့ ဗိုလ်မှူးတဦးနှင့်တပ်သား ၂ယောက်ကိုတော့ အသေဖမ်းမိလိုက်ပါတယ်။ သမ္မတကြီးအန်ဝါဆာဒတ်ကို ရဟတ်ယာဉ်နဲ့ သယ်ယူသွားတဲ့အချိန်မှာ စစ်ရေးပြကွင်းတခုလုံးဟာ သွေးတွေဖုန်တွေ သေအပျောက်အပျက်စီးတွေ ဒဏ်ရာရသူတွေနဲ့ ကျန်ရစ်ခဲ့ပေမဲ့ အီဂျစ်လေတပ်က ကျဲချတဲ့ လေထီးငယ်လေးတွေနဲ့ ချိတ်ဆွဲထားတဲ့ သမ္မတကြီးရဲ့ ဓါတ်ပုံလေးတွေကတော့ လေထဲတွဲရွဲကျနေဆဲပဲတဲ့။




              အန်ဝါဆာဒတ်ဟာ အီဂျစ်သမ္မတနိုင်ငံတော်ရဲ့ တတိယမြောက်သမ္မတပါ။ သူဟာ အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးမင်းဆက် မိုဟာမဒ်အလီ နန်းဆက်ကို ဖြုတ်ချခဲ့တဲ့ လွတ်လပ်သောစစ်အရာရှိများ အုပ်စုရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး၊ ၁၉၅၀-၆၀နှစ်တွေတုန်းက ကမ္ဘာနိုင်ငံရေးမျက်နှာစာမှာ ပေါ်ပြူလာဖြစ်ခဲ့ဖူးတဲ့ အီဂျစ်သမ္မတကြီးနာဆာရဲ့ အယုံကြည်ရဆုံးလက်ထောက်တယောက်လည်း ဖြစ်ပါတယ်။ နာဆာတစ်ယောက် နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတော့ ဆာဒက်တယောက် သမ္မတဖြစ်လာတယ်။ တူရကီအမျိုးသားခေါင်းဆောင်ကြီး ကာမဲလ်အက်တာတက်ခ် နဲ့ မဟတ္မ္တမဂန္ဒီကို အားကျလေးစားသူ ဆာဒတ်ဟာ ပထမတော့ နာဆာလမ်းကြောင်းအတိုင်း သူတသွေမတိမ်း လိုက်တာပဲတဲ့။ ၁၆၇၃မှာဖြစ်တဲ့ ယွန်ကစ်ပူးစစ်ပွဲမှာ အစ္စရေးလ်ကို အလစ်ဝင်တွယ်လိုက်နိုင်လို့ သူဟာ အာရပ်ကမ္ဘာမှာ မွတ်ဆလင်ညီအကိုများရဲ့အလယ်မှာ ဆိုဗီယက်နဲ့ တတိယနိုင်ငံများကြားမှာ သူရဲကောင်းဖြစ်ခဲ့သေးတယ်။

              ဒါပေမဲ့ ဆာဒက်ဟာ သူရဲ့ပေါ်ပြူလာဖြစ်မှုမှာ နစ်မွန်းသာယာမနေဘူး၊ ယွန်ကစ်ပူးစစ်ပွဲမှာ အစ္စရေးလ်တွေ အထိနာတယ်ဆိုပေမဲ့ တကယ်တန်းရှုံးခဲ့တာ သူတို့ပဲဆိုတာ ဆာဒက်သဘောပေါက်တယ် ဒါကြောင့် အစ္စရေးလ်နဲ့စစ်ဖြစ်နေတာထက် ခိုင်မာတိကျတဲ့ ငြိမ်းချမ်းရေးစာချုပ်သည်သာ အီဂျစ်ရဲ့နယ်မြေဆုံးရှုံးခဲ့တာတွေကို ပြန်ရနိုင်တဲ့နည်းလမ်းဖြစ်ပြီး အချုပ်အခြာတည်တံ့ရေးကို ဖြစ်စေမယ်ဆိုတာလည်း သူနားလည်တယ်၊ ဒါကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ ကမကထပြုမှုနဲ့ ဆာဒက်ဟာ တချိန်က အခါးသီးဆုံးရန်သူတော်ကြီးဖြစ်ခဲ့တဲ့ အစ္စရေးလ်ဝန်ကြီးချုပ် မီနာချမ်းဘီဂင်ကို လက်ဆွဲနုတ်ဆက်ပြီး အီဂျစ်-အစ္စရေးလ် ငြိမ်းချမ်းရေးစာချုပ်ကို ရေးထိုးခဲ့တယ်။ ဆိုဗီယက်နဲ့လက်တွဲဖြုတ်ပြီး ရုရှစစ်ရေးအကြံပေးတွေကို တိုင်းပြည်ကနှင်ထုတ်ခဲ့တယ်၊ စီးပွားရေးပေါ်လစီကိုလည်း နာဆာလက်ထက်က ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေးပုံစံကနေ ဈေးကွက်စီးပွားရေးဘက် ပြန်ပြောင်းခဲ့တယ်။

            သူတို့ရဲ့သူရဲကောင်းကြီး ဆာဒတ်တယောက် လက်တွေ့အကျိုးစီးပွားကို ကြည့်ပြီး သူ့တိုင်းပြည်အတွက် ရုတ်တရက်ခြေလှမ်းပြောင်းလိုက်တာကို အိုင်ဒီယာလစ်ဇင်း အာရပ်တွေက ခါးခါးသီးသီးဆန့်ကျင်ကြတယ်၊ မွတ်ဆလင်ညီအကိုတွေရဲ့အမြင်မှာ ဆာဒတ်ဟာ သစ္စာဖောက်လောက်ကောင် အရင်းရှင်နဲ့ဂျူးမိစ္ဆာတွေရဲ့ နောက်လိုက်ခွေးလို့ မြင်လာတယ်။ ဒီလိုနဲ့ ဆာဒတ်ရဲ့ရေးပန်းစားမှု ကျဆင်းလာတာပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ အီဂျစ်မှာဆာဒတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်လာတယ်၊ စီးပွားရေးပေါ်လစီ အပြောင်းအလဲကလည်း ဆာဒတ်အစိုးရကို အထိနာစေတယ်၊ ကုန်ဈေးနုန်းတွေ ကြီးမြင့်မှုတွေဖြစ်လာပြီး ဆာဒတ်နဲ့သူမိသားစုကို အကျင့်ပျက်လာဘ်စားမှု စွဲချက်တွေ ပေါ်ထွက်လာတယ်။

         အထူးသဖြင့် အီဂျစ်အမျိုးသားရေးနဲ့ ဘာသာရေးအစွန့်ရောက်အဖွဲ့ တဖွဲ့ဖြစ်တဲ့ အီဂျစ်အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကိုတိုက်ခိုက်တာ အစိုးရရဲ့ လေဒီယိုအသံလွှင့်ဌာနကို ဝင်ရောက်စီးနင်းသိမ်းပိုက်တာ စတဲ့အကြမ်းဖက်မှုတွေ လုပ်လာတယ်။ အစ္စရေးလ်ကိုမုန်းတီးပြီး ဒီအဖွဲ့ကို ထောက်ခံသူတွေဟာ အီဂျစ်စစ်တပ်ထဲမှာလဲ စိမ့်ဝင်နေပြီး  ဒီအဖွဲ့ဟာ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့နဲ့ ဆက်စပ်မှုရှိသတဲ့။ အီရန်ဟာ ဆာဒတ်ကို အရမ်းမုန်းတီးတယ်၊ ဘာလို့လဲဆိုတော့ ဆာဒတ် နဲ့ အဖြုတ်ချခံအီရန်ဘုရင်ရှားဟာ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး တိုင်းပြည်က ထွက်ပြေးရတဲ့ ရှားဟာ သူ့မိတ်ဆွေကြီး ဆာဒတ်ဆီမှာ ခိုလှုံခဲ့တဲ့အတွက်ပါပဲတဲ့။ (ရှားရဲ့မိဖုရားကြီးဖော်ဇီယာရှီလင်ဟာ အီဂျစ်ဘုရင်ရဲ့ သမီးကြီးလို့ဆိုပါတယ်)။

           ဒီလိုနဲ့ နောက်ဆုံး အီဂျစ်အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ဟာ ဆာဒတ်ကို လုပ်ကြံဖိုစနစ်တကျ ပြင်ဆင်ပါတော့တယ်၊ ဒီလိုစီစဉ်သူတွေထဲမှာ စက်တင်ဘာ၁၁ရက် အမေရိကန်က ဝေါထရိတ်စင်တာကို လေယာဉ်နဲ့ဝင်တိုက်တဲ့အဖြစ်အပျက်မှာ အခါပေးအဖြစ် ဖမ်းဆီးခရတဲ့ အီဂျစ်ဘာသာရေးခေါင်းဆောင် မျက်မမြင် အိုမာအက်ဒယ်ရာမန် နာမည်ကျော်တရားဟောဆရာ ရှားဟာမစ်ကစ် နဲ့ အခုနာမည်ကြီးနေတဲ့ အိုစမာဘင်လာဒင်ရဲ့လက်ထောက် အယ်ကိုင်းဒါးခေါင်းဆောင် အေမန်ဇဟာဝါရီ တို့ပါဝင်ပါတယ်။

               လုပ်ကြံမှုမှာ လုံခြုံရေးတပ်များက လက်ရဖမ်းဆီးမိလိုက်တဲ့ ဒုဗိုလ်လေး ခါလစ်အစ္စလာမ်ဘူလီ ဟာ တကယ်တော့ ပထမစီစဉ်ထားတဲ့ အစီစဉ်ထဲမှာမပါပါဘူး ဒါပေမဲ့ လုပ်ကြံရေးအစီစဉ်မှာ ပါဝင်တဲ့ အရာရှိတယောက် မကျန်းမာဖြစ်သွားလို့ ခါလစ်က သူ့နေရာအစားဝင်တာဝန်ယူရတာလို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ ခါလစ်နဲ့အခြားလုပ်ကြံရေး တပ်သား၃ယောက်ဟာ အစီစဉ်စစခြင်း သူတို့စီးနင်းလာတဲ့ စစ်ရေးပြထရပ်ကားပေါ်က ခုန်ချပြီး ဆာဒတ်နဲ့ အဖွဲ့ထိုင်နေတဲ့ စင်မြင့် (စင်မြင့်ဆိုရပေမဲ့ အမြင့်တော့မဟုတ်ပါဘူုး့မှာပါတဲ့အတိုင်း စစ်ရေးပြကွင်းက ဗီအိုင်ပီ နေရာလေးပါ) ဆီပြေးသွားပြီး သေနတ်တွေ လက်ပစ်ဗုံးတွေနဲ့ ဒလကြမ်းပစ်ခတ်ပါသတဲ့၊ ခါလစ်ဟာ ဆာဒတ်ကို အနီးကပ်ပစ်ပြီး “ဖာရိုးဘုရင်ကြီးသတ်ပစ်” လို့ အော်ဟစ်ပါသတဲ့။

              လုပ်ကြံမှုကို တရားဖွင့်စစ်ဆေးပြီး သက်သေထင်ရှားတဲ့ ခါလစ်နဲ့ စစ်သားတွေကို လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်သတ်စီရင်ခဲ့သလို စစ်တပ်တွင်းမှ ဂျီဟတ်အဖွဲ့နဲ့ဆက်နွယ်သူများကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ရာမန်၊ ဇာဝါဟာရီနဲ့ ဟာမစ်ကစ် တို့သုံးယောက်ကိုတော့ ပြစ်ဒဏ်မထင်ရှားလို့ ထောင်ဒဏ်နှစ်အနည်းငယ်ပဲ ကျခံစေပါတယ် ဒါပေမဲ့ ထောင်ထဲမှာ အပြင်းအထန်နှိပ်စက်ခြင်းခံခဲ့ရတယ်လို့ သုံးယောက်လုံးက ပြောဆိုကြပါတယ် (အင်္ဂလိပ်စကားကို မွှတ်နေအောင်ပြောနိုင်တဲ့ ဆရာဝန်ဇာဝါဟာရီဟာ စုံစမ်းစစ်ဆေးရေးကာလ တလျှောက် ခုခံခြေပသူများဘက်မှာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်)

            ထူးဆန်းတာက ဆာဒတ်ရဲ့တူတယောက်ဖြစ်တဲ့ တီလတ်အယ်ဆာဒတ်က သူ့ဦးလေးကို လုပ်ကြံခဲ့တာ အီဂျစ်အစိုးရထဲက ထိပ်တန်းအရာရှိကြီးများနဲ့ စစ်တပ်ထဲက ထိပ်တန်းခေါင်းဆောင်များဖြစ်ပြီး အစ္စရေးလ်ထောက်လှမ်းရေးတပ် မော့ဆက်နဲ့ စီအိုင်အေတို့ရဲ့အစီစဉ်နဲ့ လုပ်ကြံမှုကို ကြိုးကိုင်ခဲ့ကြတယ်လို့ စွတ်စွဲပါတယ် (တကယ်တန်းလည်း ဆာဒတ်အစိုးရအဖွဲ့အတွင်းမှာ အာဏာလွန်ဆွဲမှုတွေ ရှိနေခဲ့တယ်၊ ဂျီဟတ်တို့ဆူပူမှုကြောင့် အရှေ့အလယ်ပိုင်းက သူတို့ရဲ့အဓိကမဟာမိတ်နိုင်ငံကြီးကို လက်လွှတ်ရမှာကို အမေရိကန်နဲ့ အစ္စရေးလ်တို့မလိုလားဘူး ဆိုတဲ့ကောလဟာလတွေ အဲတုန်းက ပြန့်နေခဲ့တယ်လို့ ဝေဘန်သူများက ဆိုကြပါတယ်)။

            တခါက ခါလစ်ကို သူရဲကောင်းတယောက်အနေနဲ့ ချီးမွန်းမြောက်စားတဲ့ အီရန်နိုင်ငံရဲ့ ပါဝင်ပက်သက်မှုကလည်း တွေးစရာအလွန်ကောင်းပါတယ် (ခိုမီနီခေါင်းဆောင်တဲ့ အီရန်တော်လှန်ရေး အစိုးရဟာ ခါလစ်ကို အာဇာနည်တယောက်အဖြစ် ချီးမွန်းပြီး တီဟီရန်မြို့ပေါ်က လမ်းတစ်လမ်းရဲ့ အမည်ကိုတောင် ခါလစ်နာမည် မှည့်ခေါ်ထားတယ်လို့ဆိုပါတယ်)။

          ဆာဒတ်ရဲ့ ဈာပနအခန်းအနားကို ကမ္ဘာတဝှမ်းက နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်၊ ဒါပေမဲ့ အာရပ်အဖွဲ့ဝင်နိုင်ငံတွေက ဘယ်ခေါင်းဆောင်တွေကမှ ဆာဒတ်ဈာပနကို မတက်ရောက်ကြပါဘူး (ဆူဒန် အိုမန်နဲ့ ဆိုမာရီးယား ကတော့ ကိုယ်စားလှယ်လွှတ်ပါတယ်)။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်မှာ တချိန်က သူရဲကောင်းကြီးလို့ ချီးမြောက်ခဲ့ကြပြီး နောက်တော့ အာဏာရှင်ကြီး ဖာရိုးဘုရင်ကြီး အမေရိကန် အစ္စရေးလ် နောက်လိုက်ခွေးကြီး မွတ်ဆလင်ညီအကိုတွေကို သစ္စာဖေါက်သူကြီးလို့ အာရပ်တွေ စွတ်စွဲကြတဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် အန်ဝါဆာဒတ်တစ်ယောက်ကတော့ သူလုပ်ကြံခံရတဲ့ စစ်ရေးပြကွင်းရဲ့တစ်ဖတ်က သူ့ကိုအပြစ်တင်သံ တွေ သူ့ကိုချီကျူးသံတွေကနေ ကင်းဆိတ်ရာ အညတရသူရဲကောင်းစစ်သည်များ ဗိမာန်မှာ ငြိမ်းချမ်းစွာလဲလျောင်းရင်း အလာလ်ရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူနေပါပြီ။

ကိုကား-
1/ http://www.nytimes.com/learning/gene.../big/1006.html
2/ http://en.wikipedia.org/wiki/Anwar_S...i_Peace_Treaty
3/ http://www.ibiblio.org/sullivan/bios/Sadat-bio.html

Comments

taryar said…
အမုန်း မေ့ခံ ကြီး အယ်လ် ဆာဒက် ဖတ်လို့ ကောင်းသဗျို့  ။ အားရင် ချောက်ဆယ် စကူး ကနေ ဘင်အလီ တို့ မူဘာရက်တို့ 
အာဏာရှင်ကြီးများ နောက်ဆုံးနေ့ လေးတွေလဲ လုပ်ပါဦး လန်ပီကျွန်းတန်း မကျုံ ဂလက် သားကြီး ကိုမော်ကင်းရေ။

Popular Posts