၎။ သူရာဆိုတဲ့လုပ်ကြံရေးသမားကြောင့်သေဆုံးရသူ

             တပင်ရွှေထီးဆိုရင် ငယ်ငယ်လေးနဲ့ ဒုတိယမြန်မာနိုင်တော်ကြီးကို ထူထောင်နိုင်သူလို့ အားလုံးကသိကြမှာပဲ။ မြန်မာ့သမိုင်းမှာ သူရယ်၊ မင်းရဲကျော်စွာရယ်၊ ဗညားနွဲ့ရယ်ဟာ ဆယ်ကျော်သက်အရွယ်လေးနဲ့ အစွမ်းပြနိုင်ခဲ့သူများအဖြစ် မြန်မာ့လူငယ်တွေ အားကျခဲ့ရသူတွေပေါ့။

             မွေးကတည်းက ခေါင်းမှာရွှေရောင်ဆံပင်တချောင်းထူထူးခြား ထင်ထင်ရှားရှားကြီး ပါလာလို့ တပင်ရွှေထီးလို့ သူ့ကိုခေါ်တွင်ကြတယ်လို့ဆိုတယ် (ဒီအမည်ကြောင့်လည်း တောင်ငူနန်းဆက် ပြတ်သွားတာပေါ့လို့ အရပ်ထဲက ရာဇဝင်စိတ်ဝင်စားသူတွေက ဆိုကြပါတယ်)။ သူအဖေက မင်းကြီးညိုလို့ လူသိများတဲ့ မဟာသီရိဇေယျသူရဖြစ်ပြီး အင်းဝရဲ့နယ်ပယ်တခုဘဝမှ တောင်ငူကို လွှတ်မြောက်စေပြီး သီးခြားမြို့ပြနိုင်ငံတော်တခုအနေနဲ့ ကြီးကျယ်ခန်းနားစေခဲ့သူပေါ့။

                တကယ်တော့ တောင်ငူဟာ အင်းဝနဲ့ ဟံသာဝတီတို့ရဲ့ အနိုင်အရှုံးမပေါ်တဲ့ စစ်ပွဲတွေကြားက အင်အားကောင်းလာတဲ့ နိုင်ငံသစ်ပါ။ အင်းဝ-ဟံသာဝတီ စစ်အစပိုင်းမှာ တောင်ငူဟာ နှစ်နိုင်ငံကြား သစ္စာခံပြီးနေနေရတော့ စစ်ဒဏ်အတော်ခံရပါတယ် ဒါပေမဲ့ စစ်ပွဲရဲ့ နောက်ဆုံးပိုင်းတွေမှာ စစ်မျက်နှာက ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမ အနောက်ခြမ်းဆီ လုံးလုံးကြီး ရောက်သွားတော့ ရိုးမအရှေ့ခြမ်းက တောင်ငူဟာ စစ်ပြေးစစ်ရှောင်သူတွေရဲ့ ခိုကွန်းရာအရပ်တခု ဖြစ်လာရာကနေ အင်အားကောင်းလာတယ်။ (ဒီလိုပဲ ရိုးမတဖက်က ရခိုင်ကလည်း ဒီနည်းအတိုင်း အင်အားကောင်းလာတာပဲ)

                 ပထမတော့ တောင်ငူမှာ အောက်နယ်သား (ကရင်-မွန်)တွေက အများစုပေါ့၊ နောက်တော့ မိုးညှင်းရှမ်းတွေက အင်းဝကိုသိမ်းပိုက်လိုက်ချိန်မှာ အထက်သား ဗမာတွေအများအပြား တောင်ငူအောက်ခိုဝင်လာတယ် ဒီလိုနဲ့ တောင်ငူဟာ အင်အားကြီးလာရောပေါ့။

                တပင်ရွှေထီးဘုရင်ဖြစ်တော့ အသက်က ၁၇နှစ်၊ သူဟာမင်းပျိုမင်းလွင်ပီပီ အင်မတန်သတ္တိရှိသတဲ့၊ သူ့ရဲ့နားထွင်းမင်္ဂလာကို အဲဒီအချိန်မှာ ရန်သူဖြစ်နေတဲ့ ဟံသာဝတီ(ပဲခူး)က ရွှေမောဓောစေတီကို လှမ်းမြင်ရတဲ့ နေရာအထိ စွန့်စားပြီးသွားလုပ်တာပဲကြည့် (လက်မသံမှိုရိုက်ပြီး လူရွေးတဲ့အကြောင်း အရွေးမခံရလို့ ရှက်ရှက်နဲ့ ဗိုက်ခွဲပြီးအူဆွဲထုတ်ပြတဲ့သူအကြာင်း ကြားဖူးကြမှာပါ)။ နောက်တော့ တပင်ရွှေထီးဟာ သူ့ယောက်ဖ ဘုရင့်နောင်နဲ့အတွဲညီညီ တစ်နိုင်ငံလုံးကို သိမ်းသွင်းတော့တာပဲ၊ ဟံသာဝတီနဲ့ အင်းဝကိုသိမ်းတယ် ရခိုင်သွားတိုက်တယ် ဒါပေမဲ့ သံဃာတော်တွေတောင်းပန်လို့ မသိမ်းဖြစ်ဘူး၊ ယိုးဒယားကိုတိုက်တယ် မြို့တော်အယုဒ္ဓယကို မသိမ်းနိုင်ပေမဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးဖြစ်ခဲ့သတဲ့ (စူရီယိုထိုင်းဇာတ်ကားထဲက ယိုးဒယားဘုရင်ရဲ့မိဖုရားကြီး စူရီယိုထိုင်း ဆင်တိုက်ပွဲမှာ ပြည်စားသီဟသူရဲ့လက်ချက်နဲ့သေတာ တပင်ရွှေထီးလက်ထက်ပေါ့)

                  ဒါပေမဲ့ နောက်ပိုင်းမှာ တပင်ရွှေထီးတယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ယစ်ထုတ်ကြီး (ဒါသခွပ်ပန်းက ယမကာလုင်တွေကို စော်ကားသလို ဖြစ်သွားမလားပဲ) ဖြစ်သွားသတဲ့။ ဖြစ်ပုံက ၁၆ရာစုဆိုတော့ ဗက်စကိုဒါကားမားတို့အမျိုးတွေ ဥရောပနဲ့အာရှကို လွန်းပြန်သွားနေကြပြီလေ၊ ဒီတော့ တပင်ရွှေထီးတပ်ထဲမှာ ပေါ်တူကီတွေ ကြေးစားတွေအဖြစ်အမှုထမ်းနေပြီပေါ့၊ အဲဒီထဲက တယောက်က သေနတ်ပစ်တော်တယ် အရက်ချက်ကောင်းတယ်တဲ့ ဒါနဲ့တပင်ရွှေထီးသဘောကျပြီး ကိုယ်လုပ်တော်တစ်ယောက်နဲ့ ပေးစားပြီး အနားခေါ်ထားသတဲ့။ ဒီပေါ်တူကီက အရက်တွေရှယ်ချက် အမြည်းတွေ ရှယ်ကြွေးဆိုတော့ တပင်ရွှေထီး စစ်မတိုက်ချင်တော့ဘူး၊ နိုင်ငံရေးစိတ်မဝင်စားတော့ဘူး တချိန်ကုန် သောက်တော်ဗူးရယ်တဲ့ အိုမကွာ ဖြစ်နေတော့တာပဲတဲ့၊ နိုင်ငံရေး စစ်ရေးကိစ္စအဝ၀ကို သူ့ယောက်ဖဘုရင့်နောင်ကိုပဲ မျက်နှာလွှဲထားတော့သတဲ့။ ရာဇဝင်ထဲမှာ စိမ်ရည် ဗျစ်ရည်လို့ မပြောထားတော့ အဲဒီပေါ်တူကီ တပင်ရွှေထီးကိုတိုက်တာ ချက်တဲ့အရက်ပဲနေမှာပဲ ပေါ်တူကီတို့ရဲ့ နာမည်ကျော် အကွာဒီယန်တီ တောင်ဖြစ်ချင်ဖြစ်မှာ။

               အဲဒီအခြေနေကို အခွင့်အရေးချောင်းနေတဲ့ မွန်တွေကအပြည့်အဝ အသုံးချကြတော့တာပဲ။ ဟံသာဝတီကို အောင်နိုင်ပြီး တပင်ရွှေထီးလက်အောက်မှာ မွန်တွေအများကြီးအမှုထမ်းကြတယ်၊ ဒီထဲမှာ သူ့ကိုအပြည့်အဝ သစ္စာရှိတဲ့ စောလဂွန်းအိန်လို တပ်မှူးကြီးတွေပါသလို စစ်တောင်းစားသမိန်စောထွတ်လို လစ်ရင်တွယ်မယ်ဆိုတဲ့ မွန်တွေအများကြီးရှိတာပေါ့။ သမိန်စောထွတ်ရဲ့ညီက တပင်ရွှေထီးရဲ့ လက်ဝဲဓားမှူးတဲ့။ တနေ့ သမိန်စောထွတ်က ဒလဘက်မှာ ဆင်ဖြူတော်ပေါ်တယ်လို့ သတင်းကြားရတယ်လို့ တပင်ရွှေထီးကိုပြောတော့ တပင်ရွှေထီးလည်း ကွဲကွဲနဲ့ ဆင်ဖြူတော်ဖမ်းရအောင် ဒလကိုတက်ဖို့ လုပ်ပါလေရော အဲဒီအချိန်မှာ ဘုရင်နောင်က တခြားအရပ်ကို ရောက်နေတယ်၊ တပင်ရွှေထီးနားမှာ စိတ်ချရတဲ့ စောလဂွန်းအိန်က ကိုယ်ရံတော် တပ်မှူးကြီးရှိနေပေမဲ့ စစ်တောင်းစားက လှည့်ကွက်လုပ်တာကို တပင်ရွှေထီးနားယောင်ပြီး စောလဂွန်းအိန်ကို မုတ္တမသွားပြီး လူသူဆင်မြင်ရိက္ခာစုဖို့ လွှတ်လိုက်တယ်။

                ကိုယ်ရံတော်ကလည်းမရှိ တပင်ရွှေထီးကိုယ်တိုင်ကလည်း အရက်တွေသောက်ပြီး ကွဲကွဲနေယူနေတော့ သမိန်စောထွတ်နဲ့ သူ့ရဲညီ လက်ဝဲဓားမှူးဟာ တပင်ရွှေထီးကို လုပ်ကြံကြတာပေါ့။ လုပ်ကြံတဲ့အချိန်က အိပ်မောအကျဆုံးအချိန် နံနက်၃ချက်တီး အချိန်တဲ့၊ တပင်ရွှေထီးလဲ မူးမူးနဲ့ အိပ်နေရှာမှာပေါ့၊ အဲဒီမှာ လက်ဝဲဓားမှူးက အနားကိုကပ်ပြီး ဓါးနဲ့ဇက်ကိုပိုင်းလိုက်တာ ခေါင်းကြီးပြတ်ထွက်သွားတာပဲတဲ့။ အရက်တွေသောက်ထားတဲ့ လူငယ်လေးဆိုတော့ သွေးတွေပန်းပြီးထွက်မှာပေါ့။ ရာဇဝင်ထဲမှာတော့ တပင်ရွှေထီးရဲ့စိတ်က ဘယ်လောက်တောင်ကြီးသလဲ ဆိုရင်တဲ့ နံနက်၃ချက်တီးက ပြတ်သွားတဲ့ခေါင်းမှာ မျက်တောင်ဟာ နေ့လည် မွန်းလွဲ၁ချက်တီးအထိ တဖျတ်ဖျတ်ခတ်နေတုန်းလို့ ရေးကြတာပဲ။

               ဘုရင်လုပ်ကြံပြီး နိုင်ငံတော်အာဏာလုလိုက်တဲ့ သမိန်စောထွတ်လည်း ခဏတော့ သမိန်စက္ကဝေါ ဆိုတဲ့ဘွဲ့နဲ့ ဟံသာဝတီ (ပဲခူး)မှာ မင်းလုပ်လိုက်သေးတယ် ခဏဆိုခဏလေးပါပဲ နောက်တော့သူလည်း သွားတာပါပဲတဲ့။

               လူစွမ်းလူစ လက်ရုံးရည်နှလုံးရည် ဘုန်းသမ္ဘာတွေနဲ့ ပြည့်စုံပေမဲ့ အရက်ဖျက်တော့လည်း ခေါင်းပြတ်သွားခဲ့တာပါပဲလေ။

ကိုးကား-
၁။ မှန်နန်းလာ မြန်မာဘုရင်များ - ကိုအိုက်စီ
၂။ Min-gyi-nyo, the Shan Invasions of Ava (1524-27), and the Beginnings of Expansionary Warfare in Taungoo Burma - Jon Fernquist

Comments

Popular Posts