၃။ မြရာပင်အောက် ခေါင်းချလေသူ
သခင်သန်းထွန်းသေပြီ ဆိုတဲ့သတင်းထွက်လာတော့ မြန်မာတပြည်လုံး လှုပ်ရှားသွားကြတယ်။ ဟုတ်ပါတယ် နိုင်ငံရေးလှုပ်ရှားခွင့်မရှိတဲ့၊ တပ်မတော်ကတော်လှန်ရေးကောင်စီဖွဲ့ပြီး နိုင်ငံတော်အာဏာကို ထိမ်းသိမ်းထားတဲ့အချိန်မှာ ဒီလိုနာမည်ကျော်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့သတင်းဟာ အထင်ကရသတင်းတစ်ပုဒ်ပါပဲ၊ ဒါပေမဲ့ ဒီသတင်းကြောင့် မြန်မာပြည်သူတွေ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မဝေခွဲနိုင်ခဲ့ကြပါဘူး။
သောင်းကျန်းသူခေါင်းဆောင်တစ်ယောက် သေဆုံးသွားတာဟာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ မြန်မာပြည်သူတွေအတွက် ဝမ်းသာစရာသတင်းတပုဒ်ဖြစ်ဖို့ကောင်းပေမဲ့ သေဆုံးသွားသူဟာ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲတလျှောက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အဓိကအခန်းကဏ္ဍက တာဝန်ထမ်းဆောင်ခဲ့သူ ကျေးဇူးရှင်သူရဲကောင်းတစ်ယောက်မို့ ဝမ်းနည်းဖို့ကောင်းပြန်ရော။
သခင်သန်းထွန်းဟာ ကညွှတ်ကွင်းသားပါ၊ ဖ-ဆ-ပ-လ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်ငြိမ်းနဲ့ တနယ်ထဲသားလို့ဆိုပါတယ် (ဒါပေမဲ့ ဦးကျော်ငြိမ်းနဲ့ ပြဒါးတလမ်းသံတလမ်းပါပဲ၊ တစ်ယောက်က အမျိုးသားအရင်းရှင်ဝါဒ ပါလီမန်ဒီမိုကရေစီစနစ်ကို ယုံကြည်ပြီး တယောက်က အရင်းမဲ့အာဏာရှင် ကွန်မြူနစ် စနစ်ကို သက်ဝင်ပါတယ်)။ ဆရာအတတ်သင်သိပ္ပံကနေ ကျောင်းပြီးခဲ့ပြီး မွတ်ဆလင်ကုသိုလ်ဖြစ် ကျောင်းတကျောင်းမှာ ကျောင်းဆရာလုပ်ခဲ့တဲ့ သခင်သန်းထွန်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားအုပ်စုဖြစ်တဲ့ သခင်အောင်ဆန်း သခင်နု သခင်သိန်းဖေ ကိုကျော်ငြိမ်းတို့ဟာ တို့ဗမာအစည်းအရုံးမှာ ဆုံဆည်းမိပြီး တိုးတက်သော လက်ဝဲအမြင်ရှိသူ မီးခဲသခင်လေးများ ဖြစ်လာခဲ့ပါတယ်။
စကားကိုတိုတိုပြတ်ပြတ် အေးအေးပြောတတ်ပြီး ရုပ်သိပ်မဖြောင့်တဲ့ သခင်သန်းထွန်းဟာ ထက်မြက်တဲ့ ပြတ်သားတဲ့ အတွေးအခေါ်ပိုင်ရှင်၊ တောက်ပပြောင်မြောက်တဲ့ မိန့်ခွန်းစကား ပြောတတ်သူလည်းဖြစ်ပါသတဲ့။ ရုပ်ဝါဒကို စနစ်တကျလေ့လာခဲ့ပြီး အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ ကွန်မြူနစ်ဝါဒ စာအုပ်တွေကို မြန်မာတွေ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းနားလည်အောင် ဘာသာပြန်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ရူပါကချူခြာပေမဲ့ အင်္ကျီအဝတ်အစားနဲ့ အသုံးအဆောင် အနုအရွလေးတွေနဲ့ သန့်သန့်လေး နေထိုင်တာကိုသာ နှစ်သက်သူ သခင်သန်းထွန်းဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းတလျှောက်မှာ ကိုယ်ကျိုးစွန့်အနစ်အနာခံခဲ့သူ တစ်ယောက်ပါ။ အထူးသဖြင့် ဖက်ဆစ်ဂျန်ပန်တော်လှန်ရေး ကာလတွေတုန်းက စိုက်ပျိုးရေးဝန်ကြီးအဖြစ် ဂျပန်များဖွဲ့စည်းပေးတဲ့ ဒေါက်တာဗမော်အစိုးရအတွင်းမှာ တာဝန်ထမ်းဆောင်ရင်း လှုပ်ရှားခဲ့တဲ့ သူ၏စွမ်းရည်ဟာ အံ့သြစရာကောင်းအောင် တောက်ပြောင်ခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ကို တိုက်စစ်မှူးများဟု သတ်မှတ်ယူဆမယ်ဆိုရင် သခင်သန်းထွန်းသည် ကွင်းလယ်ပလေးမိတ်ကာ ပါပဲ။ ဗိုလ်ချုပ်ဦးဆောင်တဲ့ တပ်မတော်ရယ်၊ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်မြေအောက် အဖွဲ့အစည်းရယ်၊ မြေပေါ်အာရှလူငယ်အဖွဲ့အစည်းရယ်၊ နိုင်ငံအနှံ့က မျိုးချစ်နိုင်ငံရေးသမားတွေရယ် မျိုးချစ်အစိုးရအရာရှိတွေရယ် အိန္ဒိယရောက်မြန့်မာမျိုးချစ်တွေရယ် နဲ့ မဟာမိတ်တပ် အကြားမှာ စည်ချက်ညီအောင် ဆက်သွယ်ကွပ်ကဲပြီး ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းကို အောင်မြင်စေခဲ့တယ်။
တခါစစ်အပြီး ပြန်ဝင်လာပြီး ပြဿနာရှာချင်တဲ့ ဘုရင်ခံဆာဒေါ်မန်စမစ်နဲ့ ဖ-ဆ-ပ-လ ရင်ဆိုင်တဲ့နေရာမှာလည်း သခင်သန်းထွန်းဟာ ဗိုလ်ချုပ်နဲ့ အတွဲညီခဲ့ကြတယ်၊ ဒါကြောင့်လည်း ဗြိတိသျှတွေက မြန်မာတွေရဲ့လှုပ်ရှားမှုမှာ အောင်ဆန်းဟာ နှလုံးသားဆိုရင် သန်းထွန်းဟာ ဦးခေါင်းပဲလို့ ယူမှတ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီကာလမှာပဲ ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်းတို့ အယူအဆကွဲရာက အဖွဲ့စည်းချင်းပါ ကွဲထွက်သွားတော့တယ်။ လက်တွေ့အကျိုးကြည့်ဝါဒီ လစ်ဘရယ်သမား ဗိုလ်ချုပ်ဟာ ပစ္စည်းမဲ့အာဏာရှင်စနစ်ထက် လွတ်လပ်တဲ့ ဆိုရှယ်လစ် ပါလီမန် ဒီမိုကရေစီစနစ်ကို သက်ဝင်တယ်၊ ဒီတော့ သခင်သန်းထွန်းနဲ့ ကွန်မြူနစ်ပါတီဟာ ဖ-ဆ-ပ-လ ကနေလုံးဝကွဲထွက်သွားတယ်။
ဒီအကွဲဟာ လုံးဝပြန်ပေါင်းစပ်လို့မရနိုင်တော့တဲ့ အကွဲပါပဲ။ နောက် ဗိုလ်ချုပ်နဲ့ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီး လွတ်လပ်ရေးရလို့ ဖ-ဆ-ပ-လက အစိုးရဖွဲ့ပြီး နိုင်ငံကိုအုပ်ချုပ်တဲ့အခါမှာ ကွန်မြူနစ်နဲ့ ဖ-ဆ-ပ-လ အကွဲက ပိုလို့ပြင်းထန်လာတယ်၊ နောက်ဆုံး တောခိုပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုစွဲကိုင်တဲ့အထိ ဖြစ်သွားတယ်။ “ဗားဂရာချောက်ကြီးကို ဆိုရှယ်လစ်အလောင်းတွေနဲ့ ဖို့ပစ်မယ်” ဆိုတဲ့စကားဟာ အဲဒီခေတ်က အလွန်ကျော်ကြားခဲ့တဲ့ သခင်သန်းထွန်းရဲ့ ထင်ရှားတဲ့ စကားစုပေါ့။
(ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုစက ရည်ရွယ်ချက်က ချက်ချင်းသူပုန်ထဖို့ မဟုတ်သေးဘူးတဲ့ ရဲဘော်ဘတင် ခေါ် ဂိုရှယ်တင်ပြတဲ့ ရုရှတော်လှန်ရေး စတိုင်တုပထားတဲ့ ၁။ တောခို ၂။ မြေအောက်ဆဲလ်တွေမွေး ၃။ အလုပ်သမား လယ်သမား ဆန္ဒပြပွဲတွေထုတ်ဖေါ် ၄။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲယူဆိုတဲ့ အယူအဆနဲ့တဲ့။ ဒါပေမဲ့လည်း သခင်သန်းထွန်းနဲ့ သခင်ဗသိန်းတင်တို့က ဖြူးမှာလုပ်ခဲ့တဲ့ ပါတီကွန်ကရက်ကို လာတတ်တဲ့ ဗ-က-ပ အင်အားကိုကြည့်ပြီး တရုတ်ကွန်မြူနစ်တွေလို တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာလို့ ဆိုကြတယ်)
၁၉၅၅မှာ ဗ-က-ပဟာ ဆုံးဖြတ်ချက်တခုကိုချတယ် ငြိမ်းချမ်းရေး အပစ်အခက်ရပ်စဲရေး မြေပေါ်ပါတီအဖြစ် တရားဝင်ရပ်တည်နိုင်ရေး ဆိုပြီးတော့ပေါ့၊ ဒါကို ၅၅လမ်းစဉ်လို့ သမိုင်းသမားတွေကိုဆိုကြတယ်။ ဒီလိုချမှတ်ရတာကလည်း အဲဒီအချိန်မှာ ကမ္ဘာ့နိုင်ငံရေးအခြေနေ နဲ့ မြန်မာ့နိုင်ငံရေးအခြေနေက ပြောင်းလဲလာလို့ပဲတဲ့။ စတာလင်သေတယ် ကရုရှက်တက်လာတယ်၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆိုတာကခေတ်စားလာတယ်၊ ဘန်ဒေါင်းမူတွေဘာတွေဖြစ်လာသလို ပြည်တွင်းမှာလည်း အမတ်နေရာအများကြီးရလာတဲ့ ပ-မ-ည-တနဲ့ သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကြောင့် တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် အထိနာနေတဲ့ ဗ-က-ပ ဟာ ၅၅ လမ်းစဉ်ချမှတ်လိုက်တာဖြစ်တယ်။
ဒါပေမဲ့ ဗ-က-ပတို့ရဲ့ အိန္ဒိယကွန်မြူနစ်ပါတီ CPI လိုမြေပေါ်ပါတီအဖြစ် မျှော်လင့်ချက်ဟာ ၁၉၆၂ တပ်မတော်က အာဏာသိမ်းသွာတော့ ပျက်ပြယ်သွားတာပေါ့။ အဲဒီအချိန်မှာ ကမ္ဘာနိုင်ငံရေးမှာ ရုရှ(ဆိုဗီယက်)နဲ့ တရုတ်တို့ ကွဲနေကြပါပြီ၊ တရုတ်က ရုရှကို ရုရှဟာ ဖေါက်ပြန်ရေးသမား ဓနရှင်တွေနဲ့ ငြိမ်းချမ်းစွာအတူနေရင်း ကမ္ဘာ့အရင်းမဲ့ထု တရပ်လုံးကို သစ္စာဖေါက်လိုက်ပြီလို့ စွတ်စွဲပါတယ်။ ဗ-က-ပ ထဲမှာလဲ ပီကင်းပြန် ရဲဘော်တွေများလာတယ်။
၁၉၆၃မှာ အဲဒီတုန်း စစ်အစိုးရ တော်လှန်ရေးကောင်စီဟာ လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်နေတဲ့ အဖွဲ့တွေအားလုံးကိုဖိတ်ပြီး အမျိုးသားညီညွှတ်ရေးဆွေးနွေးပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ဗ-က-ပ ကအဓိကအဖွဲ့အစည်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဗ-က-ပ ဘက်ကကြည့်ရင် အဲဒီဆွေးနွေးပွဲဟာ မအောင်မြင်ပါဘူး။ ဒီဆွေးနွေးပွဲကနေ ဗ-က-ပ ကိုယ်စားလှယ်တွေ ပြန်ရောက်လာပြီးတဲ့နောက် ပါတီတွင်းမှာ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတယ်။ ဒီကိစ္စဟာ သခင်သန်းထွန်းကို နိဂုံးချုပ်စေမဲ့ အကြောင်းအရင်းတွေထဲက တခုပါပဲ။
(အဲဒီတုန်းက အစိုးရဟာ ဒီဆွေးနွေးပွဲကို ကောင်းကောင်းအသုံးချပြီး ဗ-က-ပကိုယ်စားလှယ်တွေထဲက အချို့ကို အမြင်ပြောင်းစေအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်)
အဲဒီဆွေးနွေးပွဲနောက်မှာ အစိုးရထိုးစစ်ဒဏ်နဲ့ တောထဲမှာပင်ပန်းငြီးငွေ့လာတဲ့ ပါတီဝင်တွေအမြင်မှာ စစ်အစိုးရရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးဟာ မှန်ကန်တဲ့လမ်းစဉ်၊ ဒီတော့ စစ်အစိုးရရဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ ဗ-က-ပ အနေနဲ့ပါဝင်သင့်တယ်၊ လက်နက်ချ အလင်းဝင်သင့်တယ်ဆိုတဲ့ အမြင်တွေဖြစ်လာတယ်။ ဒါနဲ့ ၁၉၆၄မှာ သခင်သန်းထွန်းနဲ့ ဗ-က-ပဟာ ၆၄လမ်းစဉ်ကို ချမှတ်ပြီး ဓနရှင်အပြုတ်တိုက်ရေး နဲ့ ဥက္ကဌကြီးမော်ရဲ့ “နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝကလာတယ်” ဆိုတဲ့ အယူအဆကို လက်ခံလိုက်တယ်၊ တဆက်ထဲမှာ ၅၅ လမ်းစဉ်ကို စွဲကိုင်ပြီး ငြိမ်းချမ်းရေးစကား ပြောတဲ့သူတွေကို ပြန်လည်ပြင်ဆင်ရေးသမား ဓနရှင်နောက်ပိတ်ခွေးလို့ အမည်တပ်ပြီးဆန့်ကျင်ခဲ့ကြတယ်။ “ဓနရှင်ခွေးကုတတ်ကနေ ဓနရှင်ကိုအလုပ်ကြွေးပြုရင်း နောက်လိုက်ခွေးလုပ်နေတဲ့ သိန်းဖေ ချစ်မောင် လမ်းစဉ်တော့ မလိုက်ဘူး၊ တောထဲ သစ်သီးသစ်ဖုစားရင်း တော်လှန်ရေးကို ဆက်လုပ်မယ်” ဆိုတာဟာလည်း အဲဒီတုန်းက ကျော်ကြားတဲ့ သခင်သန်းထွန်းရဲ့စကားစုပါပဲ။
၁၉၆၇ခုနှစ်မှာ သခင်သန်းထွန်းဟာ တရုတ်ပြည်မဟာယဉ်ကျေးမှုတော်လှန်ရေးကို ပုံတူကူးထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို လုပ်ပါတယ်၊ ဒီတော်လှန်ရေးမှာ ၅၅လမ်းစဉ် ပြန်လည်ပြင်ဆင်ရေးသမားတွေကို ဖြုတ်-ထုတ်-သတ် လုပ်ပါတယ်၊ ဖြုတ်ဆိုတာက ရာထူးဖြုတ်တာ ထုတ်ဆိုတာက ပါတီကထုတ်တာ၊ ပြီးတော့သတ်ပစ်လိုက်တာပေါ့။ ဒီတော်လှန်ရေးမှာ အသတ်ခံလိုက်ရသူတွေထဲမှာ ရဲဘောသုံးကျိပ်ဗိုလ်ရန်အောင်၊ ဗ-က-ပ ကိုစဖွဲ့ခဲ့သူတယောက်ဖြစ်တဲ့ ရဲဘော်ဘတင်ခေါ် ဂိုရှယ်၊ ရဲဘော်ဌေး၊ လူထုဦးလှ လူထုဒေါ်အမာသား တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ရဲဘော်စိုးဝင်း တို့ဟာ ထင်ရှားပါတယ်။ နယ်တွေမှာလည်း အာဏာနီထူထောင်ရင်း ဓနရှင်ပဒေသရာဇ်ရဲ့ နွားဆိုဟင်း လှည်းဆိုထင်း လူဆိုကျင်း ဆိုပြီး သတ်လိုက်တဲ့လူတွေလည်း မနည်းဘူးတဲ့။ ဒီလိုနဲ့ ဗ-က-ပထဲက သဘောထားပျော့ပြောင်းသူ အများကြီး ထွက်ပြေးအလင်းဝင်လာကြသလို၊ ပြည်သူရဲ့ဆန့်ကျင်ခြင်းလည်းခံရပါတယ်။
နောက်ဆုံး သခင်သန်းထွန်းတယောက် ၁၉၆၈ခုနှစ် စက်တင်ဘာလ ၂၄ရက်မှာ ပဲခူးရိုးမအလယ်က တောတွင်းစခန်းတစ်ခုမှာ သူ့ရဲ့ကိုယ်ရံတော်ရဲဘော်မြကြီးဆိုသူက ရိုင်ဖယ်နဲ့ပစ်သတ်လို့ ကွယ်လွန်သွားပါတော့တယ်။
အခင်းဖြစ်ပွားတုန်း သခင်သန်းထွန်းဟာ စခန်းနဲ့ မလှမ်းမကမ်း စမ်းချောင်းလေးနံဘေးမှာ နံနက်အခင်းကြီးသွားနေတုန်းတဲ့။ ထူဆန်းတာက လုပ်ကြံသူ ရဲဘော်မြဟာ ၁၉၆၆ကမှ ပါတီဝင်အဖြစ် စခန်းကိုရောက်လာသူဖြစ်သတဲ့၊ ဒီလောက်ပါတီသက်နုနုတစ်ယောက်ကို သခင်သန်းထွန်းက ဘာကြောင့်ကိုယ်ရံတော်ခန့်ရသလဲ။ ပြီးတော့ ဒီရဲဘော်မြကြီးဟာ သခင်သန်းထွန်းကို လုပ်ကြံပြီး ဗ-က-ပ ရန်က လွတ်မြောက်တဲ့ နေရာရောက်အောင် တောထဲမှာ ၂ရက်ကြာ ပုန်းအောင်ပြေးလွှာခဲ့ရပါသတဲ့၊ ဒီလောက် လုံခြုံရေးထူထပ်နေတဲ့ ဌာနချုပ်ကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ဖို့က တော်ရုံအရည်အချင်းနဲ့မဖြစ်နိုင်ပါဘူး၊ လေ့ကျင့်သားကျနေတဲ့ သူယောက်သာဖြစ်နိုင်ပါလိမ့်မယ်။ ဗ-က-ပ ကတော့ ဒီရဲဘော်မြကြီးဟာ စစ်တပ်ကစေလွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားလို့ ဆိုပါတယ်၊ စစ်တပ်က ဒါကိုငြင်းဆိုပြီး ရဲဘော်မြကြီးကလည်း သူဟာ သူရဲ့သူငယ်ချင်းကို သခင်သန်းထွန်းက ဖြုတ်ထုတ်သတ်မှာ သတ်လိုက်လို့ မကျေနပ်တာကြောင့် အခုလိုလုပ်ကြံရပါတယ်လို့ ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးသမား သခင်သန်းထွန်းကတော့ ပဲခူးရိုးမတနေရာက မြရာပင်အောက်မှာ ခေါင်းချရင်း အဆုံးသတ်သွားခဲ့လေပြီ။
နောက်ဆက်တွဲ ၁-
မြန်မာကျူးပစ်ဖိုရမ်မှ မန်ဘာ ကိုလူချော၏ ဖြည့်စွက်ချက်
(ညီတော်မောင် ကိုမော်ကင်း ရဲ့တောင်းဆိုမှု အရ အနည်းငယ်လေး ဖြည့်စွက်ပေးပါရစေ။ ကျနော် မှတ်မိသလောက် ရဲဘော်မြကြီး မှာ အခြား နာမည်တွေရှိပါသေးတယ်။ ကြုံတိတ် (ခေါ်) လုံတိတ် တဲ့။ သူ ဟာ မြေပြန့်ချင်း လူမျိုးဖြစ်ပြီး မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေး အဖွဲ့ နဲ့ ပဲခူးရိုးမ ထဲ က ဗကပ ဗဟိုစခန်း ကို ရောက်လာတာ။ ဗဟိုစခန်း လုံခြုံရေး အဖွဲ့ ကလူ၊ သခင်သန်းထွန်း နဲ့ အနီးဆုံးလူပေါ့။ ကျနော် လည်း ကြားဖူးတယ်။ တပ်မတော်ထောက်လှမ်းရေး အဖွဲ့ က ရဲဘော်မြကြီး ကိုသခင်သန်းထွန်း အား လုပ်ကြံရန် ဗကပ ထဲထည့်ထားတာ။ သခင်သန်းထွန်း ဟာ ရဲဘော်မြကြီး က ရိုင်ဖယ် နဲ့ အနီးကပ် ပစ်လိုက်ပေမဲ့ နေရာမှာတင် မသေသွားဖူး၊ စခန်းကုန်း အထိ ပုဆိုးကိုမပြီး ပြန်တက်လာပြီးမှ စခန်းရှေ့အရောက်မှာ ဘယ်ကပစ်လိုက်တာလဲမသိဘူးဗျို့လို့ ဗဟိုပါတီဝင် ရဲဘော်ကိုပြောပြရင်း လဲကျပြီး အသက်ထွက်သွားတယ်။ သခင်သန်းထွန်း ရဲ့ ဘယ်ဖက် ရင်ပတ် ကျည်ထိသွားတယ်။ ထိုစဉ် က အိန္ဒိ ယလူမျိုး ဆရာဝန် ဗကပ ဗဟိုကော်မတီ ရဲဘော် ဒေါက်တာနတ်ရှ် က သခင်သန်းထွန်း သေကြောင်း အတည်ပြုပေးခဲ့တယ်လို့ ကျနော် ဖတ်ဖူးခဲ့ပါတယ်)
နောက်ဆက်တွဲ ၂ -
ကျူးပစ်ထဲမှာ နောင်တော်တယောက်က သခင်သန်းထွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရဲဘော်မြကြီးနဲ့ ပတ်သတ်ပြီး သူကြားသိဖူးတာလေးကို ပြောပြပါတယ်။ ရဲဘော်မြကြီးကို ထောက်လှမ်းရေးက ကေအင်ယူခေါင်းဆောင် ဗိုလ်ချုပ်မြကို လုပ်ကြံဖို့ ထပ်ပြီး စေလွှတ်ပါသတဲ့ ဒါပေမဲ့ ကေအင်ယူက လက်ဦးသွားပြီး ရှင်းပစ်လိုက်တယ်လို့ဆိုပါတယ်။ ဒီအဖြစ်ပျက်သာ တကယ်ဆိုရင်တော့ ရဲဘော်မြကြီးဟာ အင်မတန်ကျွမ်းကျင်တဲ့ နိုင်ငံတကာအဆင့် ပရော်ဖက်ရှင်နယ် အေးဂျင့်ပဲလို့ပြောရမှာပဲ၊ ဘာလို့လည်းဆိုတော့ ဒီလောက်အရေးကြီးတဲ့ မစ်ရှင်မျိုး ၂ခုဆက်တိုက် တာဝန်ယူနိုင်တာ မော့ဆက်တို့ ကေဂျီဘီတို့ စီအိုင်အေတို့ အမ်အိုင်၅တို့မှာတောင် အင်မတန်ရှားပါတယ်။
ကိုးကား-
၁။ သခင်သန်းထွန်းနောက်ဆုံးနေ့များ - ရဲဘော်မြ၊ ရဲဘော်ဘခက် နှင့် မြရာပင်စာပေဝိုင်းသားများ
၂။ ဗမာပြည်ကွန်မြူနစ်ပါတီ -ဝိကီ
၃။ ဘုံဘဝမှာဖြင့် - သခင်တင်မြ
၎။ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ - သခင်တင်မြ
ကိုးကား-
၁။ သခင်သန်းထွန်းနောက်ဆုံးနေ့များ - ရဲဘော်မြ၊ ရဲဘော်ဘခက် နှင့် မြရာပင်စာပေဝိုင်းသားများ
၂။ ဗမာပြည်ကွန်မြူနစ်ပါတီ -ဝိကီ
၃။ ဘုံဘဝမှာဖြင့် - သခင်တင်မြ
၎။ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ - သခင်တင်မြ

Comments