ရွှေကျည်ဆံ

          ၁၉၈၁ခုနှစ်မေလ၁၃နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ သူအခြေစိုက်ရာ ဗာတီကန်နန်းတော်ကို လာပြီး သူ့ကိုဂါရပြုကြတဲ့ ကက်သလစ်ဘာသာဝင်အပေါင်းကို ကောင်းချီးပေးဖို့အတွက် အမိုးဖွင့် ဂျစ်ကားအဖြူလေးနဲ့ စိန့်ပီတာရင်ပြင်တော်ကို ကြွချီလာပါတယ်။ အဲဒီမှာရောက်ရှိ စောင်းဆိုင်းနေတဲ့ ဘုရားဖူးကက်သလစ်ဘာသာဝင်တွေကို ကောင်းချီးပေးနေတုန်း သူ့ကိုလူတယောက်က ပစ္စတိုနဲ့အချက်ပေါင်းများစွာ ပစ်တာကို ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်တယောက် ခံရပါလေရော။

            ဒါပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ပုပ်ရဟန်းမင်းကြီးဟာ အချက်ပေါင်းများစွာ ပစ်လိုက်တဲ့ ကျည်တွေထဲမှာ လေးချက်ကိုသာခံရပြီး အပစ်ခံရတဲ့နေရာကလည်း အလွန်အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်လေတော့ သေဘေးက လွတ်မြောက်သွားပါတယ်။ ပုပ်ရဟန်းမင်းကြီး လုပ်ကြံခံရတဲ့သတင်းနဲ့ သူ့ကိုလုပ်ကြံသူကိုလည်း ဗာတီကန်နန်းတော် လုံခြုံရေးအစောင့်တပ်ဖွဲ့က ချက်ချင်းဆိုသလို ဖမ်းဆီးလိုက်နိုင်ပြီး လုပ်ကြံသူက မွတ်ဆလင်ဘာသာဝင် တူရကီလူမျိုး မာမက်အလီအဂ္ဂါလို့ ဖော်ထုတ်လိုက်နိုင်တော့ ဒီသတင်းဟာ တကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွား စေပါတယ်။ ခရုဆိပ်စစ်ပွဲအသစ် ပြန်ဖြစ်လာနိုင်သလား ဒီနောက်ကွယ်က ဘယ်သူကြိုးဆွဲသလဲ ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ စတဲ့မေးခွန်းတွေ တသီတတန်းကြီး ထွက်ပေါ်လာပါတော့တယ်။

            လုပ်ကြံသူ မာမက်အလီအဂ္ဂါဟာ အသက်၂၃နှစ်ပဲ ရှိသေးတဲ့ တူရကီလူငယ်လေးပါ၊ ဒါပေမဲ့ လူငယ်ဆိုပေမဲ့ လျှော့တော့တွက်လို့မရပါဘူး၊ သူဟာ တူရကီအလယ်ပိုင်း ကျောက်တောင်တွေ ပေါများတဲ့မာလတ်ရာဒေသမှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်ငယ်လေးကတည်းက လမ်းဂျပိုးလေး (လမ်းပေါ်မှာလေလွင့်နေသူလေး) ဖြစ်ခဲ့ပါတယ်၊ လုယက်တာ ရိုက်တာ ဘူဂေးရီးယားနဲ့တူရကီ နယ်စပ်မှာ မှောင်ခိုချတာ စတဲ့ဒုစရိုက်မှုတွေနဲ့ ငယ်ငယ်လေးကတည်းက ရင်းနှီးလက်ယဉ်နေသူ ဂျပိုးတေလေတယောက်တဲ့။ ဒီကနေတဆင့် ကြီးလာတော့ ဘူဂေးရီးယားထောက်လှမ်းရေး အစီစဉ်နဲ့ ဆီးရီးယားအခြေစိုက် ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးမှာ သွားပြီး လက်နက်ကိုင် လှုပ်ရှားမှုသင်တန်းတွေ သွားရောက်သင်ယူခဲ့ပါသတဲ့၊ အဲ ..နောက်တော့ လက်ဝဲဘူးဂေးရီးယား ထောက်လှမ်းရေးအဖွဲ့ရဲ့ လူအဖြစ်ကနေ ဘယ်လိုနဲ့ဘယ်လို မသိပါဘူး သူဟာ တူရကီအမျိုးသားရေးအစွန်းရောက် အဖွဲ့စည်းတခုဖြစ်တဲ့ မီခိုးရောင်မြေခွေး Gray Wolf အဖွဲ့ဝင်တယောက် ဖြစ်လာတယ်၊ ဒီဖွဲ့ဟာ နာဇီလက်သစ်အဖွဲ့လို့ အများကသိထားတဲ့ အကြမ်းဖက်အစွန်းရောက် လက်ယာစွန်းအဖွဲ့ပါ။ ဒီတော့ ကွန်မြူနစ်ဘူဂေးရီးယားနဲ့ဆို ပြဒါးတလမ်း သံတလမ်းပဲ ဒါနဲ့ဘယ်လိုပြောရမလဲမသိဘူး မာမက်တယောက် ဒီ မီးခိုရောင်မြေခွေးအဖွဲ့က ထိပ်တန်းသုတ်သင်ရှင်လင်းအဖွဲ့က ထိပ်တန်းတယောက်ဖြစ်လာတယ်၊ အဲဒီကနေ တိုးတတ်လွတ်လပ်သောအမြင်ရှိသူ လက်ဝဲသမား သတင်းစာအယ်ဒီတာတယောက်လို့ တူရကီမှာထင်ရှားတဲ့ အက်ဒီအက်ပက်စီ ကိုလုပ်ကြံသတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တစ်သက်ကျသွားတယ် ဒါပေမဲ့ ၆လလောက်ပဲထောင်ထဲမှာနေခဲ့ရပြီး Gray Wolf တွေရဲ့အကူညီနဲ့ ထောက်ကလွတ်ထွက်သွားပြီး ဘူဂေးရီးယားကိုပြေးသွားတယ်။ (ဒါနဲ့ပတ်သတ်ပြီး အမျိုးသားရေးဝါဒီ Gray Wolf တွေဟာ အဲဒီတုန်းက တူရကီစစ်တပ်ကို အတော်လွှမ်းမိုးခဲ့သတဲ့၊ တူရကီစစ်တပ်က အာဏာသိမ်းတာ Gray Wolf တွေရဲ့အကူညီနဲ့လို့လည်း ကောလဟာလထွက်သေးတယ်၊ ဒါကြောင့် မာမက်ကို ထောင်ကထွက်ပြေးနိုင်အောင် Gray Wolf တွေ စွမ်းဆောင်နိုင်တာနဲ့တူတယ်။ နောက်ဆုံးတော့ Gray Wolf တွေလည်း စစ်တပ်ရဲ့နှိမ်နင်းတာကို ခံရတာပဲ။ ၁၉၇၉မှာ Gray Wolf တွေက ပုပ်ရဟန်းမင်းကြီးရဲ့ အသက်ကို ခြိမ်းခြောက်တဲ့ စာတစ်စောင် သတင်းစာထဲမှာ ထည့်ရေးသားဖူးတယ်)

              ပုပ်ရဟန်းမင်းကြီးကို လုပ်ကြံဖို့ အီတလီကို မာမက်လာတာက တူရကီကနေမဟုတ်ပဲ ဘူဂေးရီးယားကလို့ ဆိုပါတယ်။ ပက်စပို့စ်တွေဘာတွေကလည်း ဘူးဂေးရီးယားမှာ လုပ်တာချည်းပဲ။ သူဟာ ဘူဂေးရီးယားမြို့တော် ဆိုဖီယာကနေ မီလန်ကို ရထားနဲ့လာတယ်၊ နောက် မီလန်ကနေ ရောမကို မေလ ၁၀ရက်နေ့မှာရောက်တယ်။ နောက် သူနဲ့အခြားသေနတ်သမားတယောက် စိန့်ပီတာရင်ပြင်မှာ ပုပ်ကိုလုပ်ကြံမယ် ပြီးရင် ကြိုတင်ပြင်ဆင်ထားတဲ့ ဗုံးကိုဖေါက်ခွဲအကာကွယ်ယူပြီး ဘူဂေးရီးယားသံရုံမှာ ပြေးဝင်ခိုလှုံမယ်လို့ အစီစဉ်ရေးဆွဲထားပေမဲ့ တကယ်ကျတော့ သူပြေးမလွှတ်ခဲ့ပါဘူး။

             သူရဲ့နောက်ကြောင်းကို ပြန်လိုက်တော့ ရောမမြို့မှာ သူ လူသုံးယောက်နဲ့ နောက်ဆုံးတွေ့ဆုံစကားပြောခဲ့တယ်၊ တယောက်က တူရကီလူမျိုး ၂ယောက်က ဘူဂေးရီးယားတွေတဲ့၊ ဒီထဲမှာ ထင်ရှားတာက ဘူဂေးရီးယား စစ်သံမှူး ဇိုင်လိုဘာဆီလပ် တဲ့၊ ဒါပေမဲ့ အီတလီရဲတွေကတော့ ဒီလုပ်ကြံရေးအစီစဉ်ရေးဆွဲသူဟာ ဇိုင်လိုဘာဆီလပ် ပဲလို့ တထစ်ချစွတ်စွဲပေမဲ့ ဇိုင်လိုကတော့ သူမဟုတ်ဘူးလို့ ငြင်းဆန်ပြီး ဒီအစီစဉ်ကို စီစဉ်သူဟာ တူရကီမာဖီယားခေါင်းဆောင် ဘက်ချာစီလန့်သာ ဖြစ်ပါတယ်လို့ငြင်းတယ်၊ ဇိုင်လိုဆက်ပြောပြတာက အစီစဉ်ကို ရေးဆွဲသူဟာ Gray Wolf အဖွဲ့က အက်ဒူလာဆာတလီ ဆိုတဲ့သူဖြစ်ပြီး ဒီလိုလုပ်ပေးလို့ ဘက်ချာစီလန့်က ဒေါ်လာ၃သန်း Gray Wolf အဖွဲ့ကိုပေးရတယ်လို့ ဆိုတယ်။ အက်ဒူလာဟာလည်း အစွန်းရောက် တူရကီအမျိုးသားရေးဝါဒီတဦးဖြစ်ပြီး လက်မရွံ့တဦးလည်းဖြစ်တယ်၊ မူယစ်ဆေးဝါးကုန်ကူးသူတယောက်လဲ ဖြစ်ပါတယ်။

           ဒါပေမဲ့ မာမက်ကတော့ သူပုပ်ရဟန်းမင်းကြီးကို လုပ်ကြံတာ ဘယ်အဖွဲ့စည်းကမှ ခိုင်းလိုမဟုတ်ဘူး၊ ဘာသာရေးကြောင့်လည်း မဟုတ်ဘူး သူအနေ့နဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဖောက်ပြန်တဲ့ အရင်းရှင်စနစ်ရဲ့ ပုံရိပ်ပဲလို့ ယုံကြည်တဲ့အတွက် အရင်းမဲ့တော်လှန်ရေးအတွက် တိုက်ပွဲဝင်တာလို့ ဆိုပါတယ်။ သူကနောက်ပိုင်းမှာ အခုလိုပြောခဲ့ပါတယ် ...
    "to me [the Pope] was the incarnation of all that is capitalism" ပဲတဲ့။

            ဘယ်လိုပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးက ဒီအဖြစ်ပျက်ရဲ့ နောက်ကွယ်မှာ ကေ-ဂျီ-ဘီ ဆိုတဲ့ ဆိုဗီယက် ထောက်လှမ်းရေးအဖွဲ့က နက်နက်နဲနဲ ပါဝင်ပတ်သက်နေမယ်လို့ ယုံကြည်ကြပါတယ်၊ ကေ-ဂျီ-ဘီကတော့ သူတို့နဲ့မဆိုင်လို့ ငြင်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လေ့လာသူတွေအဆိုရ ကွန်မြူနစ်စနစ် ချုပ်ငြိမ်းသွားရအောင် ကြိုးပမ်းသူတွေထဲမှာ အမေရိကန်သမ္မတရော်နယ်ရီဂင် နဲ့အတူ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ရဲ့အခန်းကဏ္ဍကလည်း အတော်လေးကြီးမားခဲ့တယ်လို့ ဆိုကြပါတယ်၊ ဒါကြောင့်လည်း ကေ-ဂျီ-ဘီက ပုပ်ကိုရှင်းဖို့ကြံတာလဲ ဖြစ်နိုင်ပါတယ်။

              နောက်တခုက နောက်ပိုင်းမှာမာမက်က သူကိုဗာတီကန်က ဒီလိုလုပ်ကြံမှုဖြစ်အောင် ကူညီခဲ့တယ် ဆိုတဲ့စကားကလည်း တော်တော်လေးခေါင်းစားစရာ၊ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က ဖာတီမာမယ်တော်က သူ့ကိုကယ်တင်ခဲ့တဲ့ဆိုတဲ့ စကားကလည်း မာမက်စကားကိုအားဖြည့်ပေးနေသလိုပဲ။ မာမက်က အဲဒီတုန်းက အီတလီသတင်းစာတစောင်ဖြစ်တဲ့ La Repubblica နဲ့အင်တာဗျူးမှာ အခုလိုပြောခဲ့ပါတယ် ...
"That without the support of certain priests and cardinals, he would not have been able to shoot Pope John Paul II twice.
"The devil is also behind the walls of the Vatican," said Agca, who was pardoned in Italy in 2000 but jailed in Turkey on his return over a killing prior to the papal assassination bid.
"The Vatican bears responsibility for the attack on the Pope," Agca was quoted as saying. "Without the help of some priests and cardinals I could not have done it."

          နောက်တခါ ဗာတီကန်သူလေး Emanuela Orlandi ရဲ့ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားမှုနဲ့ မာမက်ကိုလွှတ်ပေးရင် အော်လန်ဒီကို လွှတ်ပေးမယ်ဆိုတာကလည်း လူတိုင်းကို ပိုပိုပြီး အတွေးတွေပွားစေပါတယ်။ မာမက်က ကဲ စီအိုင်အေတို့ ဘာတို့က အော်လန်ဒိုကိစ္စဖြေရှင်နိုင်လို့လားလို့ စိန်ခေါ်ခဲ့ပါတယ်။ သူ့သဘောက ပုပ်ရဟန်းမင်းကြီးကပဲ သူ့ကိုလုပ်ကြံဖို့ လုပ်ခိုင်းသလိုလိုပေါ့။

           အချို့သောယုံကြည်သူများရဲ့ အဆိုရကလည်း ပုပ်ရဟန်းမင်းကြီးဟာ ကွန်မြူနစ်အဓမ္မဝါဒရဲ့ လက်အောက် ရောက်ရှိနေတဲ့ အရှေ့ဥရောပနိုင်ငံတွေ လွှတ်မြောက်စေဖို့ သူ့ကိုလုပ်ကြံတဲ့ ကျည်ဆံကို သိသိချည်းနဲ့ ခံယူတာဖြစ်တယ် ဒါပေမဲ့လည်း ဖာတီမာမယ်တော်ရဲ့ ကျေးဇူးတော်နဲ့ ကျည်ဆံဟာ အရေးကြီတဲ့ အင်္ဂါအစိတ်အပိုင်းကို လွှဲချော်စေခဲ့တယ်၊ ဒါကြောင့်လည်း နောက်၉နှစ်အကြာ ၁၉၈၉ကနေစပြီး အရှေ့ဥရောပဟာ ကွန်မြူနစ်ဝါဒအောက်ကနေ တစတစလွတ်မြောက်သွားတယ်လို့ ယုံကြည်သူတွေ ယုံကြည်ကြပါသတဲ့။

             ပုပ်ရဟန်းမင်းကြီးကတော့ သူ့ကိုလုပ်ကြံတဲ့ မာမက်ကို အပြစ်မမြင်ပါဘူး မေတ္တာလည်းမပျက်ရှာပါဘူး၊ အကျဉ်းကျနေတဲ့ အကျဉ်းထောင်ထဲအထိ သွားပြီးမာမက်ကို အားပေးစကား သွားပြောသလို မာမက်အကျဉ်းကျနေရာက လွတ်မြောက်လည်း စီမံပေးခဲ့ပါတယ်။ ပုပ်နဲ့ မာမက်ဟာ ပုပ်ရဲ့နောက်ဆုံးကာလတွေအထိ ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် တည်ရှိသွားခဲ့ကြပါတယ်။ တကယ်တော့ မာမက် ပုပ်ကိုလုပ်ကြံတာ အယူဝါဒ နဲ့ ဘာသာရေးကြောင့်မဟုတ်ပဲ ထိုခေတ်က နိုင်ငံရေးအခြေနေတွေကြောင့်သာလို့ ယူဆရပါတယ်။

    ပုပ်က သူကိုယ်ခန္ဓာအတွင်းက မာမက်ရဲ့ကျည်ဆံကို စိန်စီရွှေချပြီး ဗာတီကန်က ဖာတီမာမယ်တော် ရုပ်ထုရဲ့ သရဖူမှာတပ်ဆင်ထားပါသတဲ့။


ကိုးကား -


1/ http://en.wikipedia.org/wiki/Pope_Jo...ation_attempts
2/ http://en.wikipedia.org/wiki/Mehmet_Ali_A%C4%9Fca
3/ http://news.bbc.co.uk/2/hi/europe/4605762.stm
4/ http://www.theotokos.org.uk/pages/ca.../popesecr.html
5/ http://www.tldm.org/news7/CardinalsH...metAliAgca.htm
6/ http://news.bbc.co.uk/2/hi/europe/4604362.stm
7/ http://www.youtube.com/watch?v=mn_lc5WZwFU&feature=fvw
8/ http://www.youtube.com/watch?v=34hZPisnIA0

Comments

Popular Posts