အဖသတ်သားနရသူ

        အလောင်းစည်သူမင်းဟာ ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့သူပါ၊ မွေးကတည်းက ဖိုးအေကြီးက ချစ်ရှာလွန်းလို့ နန်းအမွေပေးခံရသူမို့ အတိတ်ကံအင်မတန်မှကြီးကျယ်ခဲ့သူလို့ ပြောရမှာပေါ့။ အသက်ကလည်း အင်မတန်ရှည်ခဲ့ပါတယ်။ ဘိုးတော်ကျန်စစ်သားမင်းကြီးက ငါဟာ ငါ့မြေးရဲ့ထီးနန်းကို ရှောက်ပေးနေတဲ့သူလို့ ပြောခဲ့တာကိုယူရင် နန်းသက်၁၀၁နှစ်လို့ ပြောရမှာဖြစ်ပြီး မြန်မာ့သမိုင်းမှာ နန်းသက်အရှည်ဆုံး မင်းပဲလို့ပြောရမှာပဲ။

          ဒါပေမဲ့ အဲလိုအတိတ်ကံတထောကြီးနဲ့ အလောင်းစည်သူဟာ ဘဝနိဂုံးအချိန်မှာတော့ အတော်ရုပ်ဆိုး ခဲ့ပါတယ်။ သူ့ရဲ့သားကိုယ်တိုင်က သူ့ကိုယ်ခေါင်းအုံးနဲ့ဖိသတ်ခဲ့တယ်လို့ ရာဇဝင်တွေက ဆိုပါတယ်၊ သနားစရာပါ။

           အလောင်းစည်သူမှာ သားသုံးယောက်ရှိသတဲ့ အမေတွေမတူတဲ့သားတွေ ဖြစ်ဖို့များပါတယ်။ သားတွေထဲမှာ သားအကြီးဆုံးက မင်းရှင်စောတဲ့၊ ဒီလူက အတော်မောက်မာတယ်လို့ဆိုတယ်၊ အလောင်းစည်သူက သူ့ကိုငယ်ငယ်ကအတော်မြောက်စားခဲ့ပုံပဲ။ တနေ့သူ့အဖေဆီ အခစားဝင်တဲ့အချိန်မှာ အနောက်ဘက် ကုလားပြည်ကနေ သူ့အဖေကို ဆက်သထားတဲ့ ကုလားမင်းသမီး ပဘာဝတီဟာ သူ့အဖေနဲ့အတူ သလွန်ပေါ်မှာရှိနေသတဲ့ အဖိုးကြီးနဲ့ကုလားမလေး ချစ်စကားတွေဖလှယ်နေချိန်နေမှာပေါ့။ အဲဒီမှာ မင်းရှင်စောက ဟဲ့ကုလားမ သလွန်ပေါ်ကဆင်းစမ်း ငါ့အဖေကိုငါကန်တော့မလို့ဆိုပြီး သလွန်ပေါ်က ဆွဲချပါသတဲ့၊ အဲလိုပဲ နောက်တခါမှာ သူအဖေ အလောင်းစည်သူက သဘောကျလို့ သူ့အမတ်တယောက်ကို သူ့ရဲ့ဝတ်စုံအဟောင်းတွေ ပေးတာကို မင်းရှင်စောက ဒါဘုရင်ဝတ်တဲ့ ဝတ်စုံကွ နင့်နဲ့တန်လို့လားဆိုပြီး ဆွဲချွတ်ပြန်သတဲ့ ဒါနဲ့ အလောင်းစည်သူက ဒီကောင် မင်းရှင်စောဟာ အင်မတန်မောက်မာတဲ့ကောင်ပဲ ဒင်းမင်းဖြစ်ရင်တော့ ပြည်သူပြည်သားတွေကို နှိပ်စက်တော့မှာပဲဆိုပြီး ဖမ်းခိုင်းလိုက်တယ်၊ နောက်တော့ မင်းရှင်စောရဲ့အမေ သူ့မိဖုရားက ငိုယိုတောင်းပန်တာနဲ့ နယ်နှင်ဒဏ်ပေးလိုက်သတဲ့။ မင်းရှင်စောဟာ မောက်သာ မောက်မာတာ အရည်အချင်းတော့ရှိတဲ့လူပဲတဲ့၊ သူဟာနောက်လိုက်နောက်ပါတွေနဲ့ အောင်ပင်လယ်ဘက်မှာ လယ်သစ်တွေဖေါ်ပြီး စပါးတွေပါတွေ စိုက်တာအတော်ဖြစ်ထွန်းလို့ဆိုတယ်။

          နရသူက ဒုတိယသားပေါ့၊ ဒီလူက သူ့အကိုရှိစဉ်က ခပ်ငြိမ်ငြိမ်လေးနေတယ်၊ အကိုလဲနယ်နှင်ဒဏ်ခံရရော နန်းတော်ထဲမှာ သူအကောင်ဖြစ်လာရောပေါ့၊ အဖိုးကြီးအိုလာတော့ နန်းတွင်းမှာ နရသူလက် နရသူခြေဖြစ်လာတယ်။ ဒီလူကကလည်း သူ့အဖေ သူ့အဘိုး သူ့အဘေးတွေလိုမဟုတ်ဘူးတဲ့ ရက်စက်တယ်၊ အဓမ္မမှုတွေ လုပ်တယ် သံဃာတော်တွေရဲ့ မကြည်ဘူး သူမကြိုက်တဲ့ သူ့အလိုမလိုက်တဲ့ မှူးမတ်တွေကိုလည်း ဖြတ်ထုတ်သတ်တွေ ဘာတွေလုပ်သတဲ့၊ ဒီတော့ ဘုရင်အိုကြီးက သူ့သားကိုတားတာဆီးတာတွေ လုပ်လာတာပေါ့၊ အဲဒီမှာ နရသူဟာ သူ့အဖေကို ရွှေဂူဘုရားမှာ သံဃာတော်တွေကို ဆွမ်းကြွေးမယ်ဆိုပြီး လိမ်ခေါ်သွားတယ် နောက် အဲဘုရားမှာပဲ ချုပ်ထားပြီး သူ့ကိုနန်းအပ်ဖို့တောင်းတယ်၊ အဖိုးကြီးက ငြင်းတယ် နရသူထက် မင်းရှင်စောဟာ ပိုအရေအချင်းရှိတယ်လို့ သဘောပေါက်ပုံရတယ်တူရဲ့။ ဒါနဲ့နရသူဟာ သူ့အဖေအရင်းကို ခေါင်းအုံးနဲ့ဖိသတ်လိုက်ပါရောတဲ့။

           ခေါင်းအုံးနဲ့အဖိခံရလို့ အသက်ရူရပ်ပြီးသေသွားတဲ့ သူ့အဖေအလောင်းကိုပြပြီး သူ့အဖေဟာ အိုလွန်းလို့ လူကြီနာနဲ့သေတယ်လို့ နရသူကတိုင်းပြည်ကို လိမ်ညာတင်ပြတယ် နောက် သူ့အဖေအရိုက်အရာကို သူဆက်ခံတာပေါ့။ ဒါကိုတိုင်းပြည်က သိတာမို့လက်မခံကြဘူး၊ မင်းရှင်စောကလည်း ဒီသတင်းကြားတာနဲ့ အင်အားစုပြီး ပုဂံကိုချီလာတယ် တိုင်းသူပြည်သားတွေနဲ့ နန်းတော်ကလည်း မင်းရှင်စောကို ထောက်ခံကြတယ်တူရဲ့ နရသူမှာ ခုခံနိုင်စွမ်းမရှိဘူး ဒါနဲ့ နရသူဟာ သူ့အကိုကို လုပ်ကြံဖို့ကြံပြန်တယ် ဒီတခါလုပ်ကြံမှုက သူအဖေ့ကိုလုပ်ကြံရသလို မလွယ်ဘူးဆိုတာလည်း သူသဘောပေါက်တယ် ဒါနဲ့နရသူဟာ အဲဒီအချိန် ပုဂံပြည်မှာ သံဃာ့ရာဇာဖြစ်တဲ့ ပံ့သကူဆရာတော်ကြီးကို အသုံးချပါတော့တယ်။

            နရသူက ပံ့သကူဆရာတော်ကို အဖေမရှိတော့ အကိုကြီးအဖရာ ဆိုသလိုပဲ ထီးနန်းဟာ အကိုကြီးနဲ့ပဲ ထိုက်တန်ပါတယ်၊ အကိုကြီးကို ထီးနန်းအပ်ချင်ပါတယ် ဆရာတော်ကြားဝင်ပေးပါလို့ အကူညီတောင်းတော့ စစ်မက်မဖြစ်ပွားစေချင်တဲ့ ပံ့သကူဆရာတော်ကြီးက မင်းရှင်စောဆီသွားပြီး အကျိုးအကြောင်း ပြောပြတယ်၊ မင်းရှင်စောကလည်း ဆရာတော်ကြီးကိုကြည်ညိုတာမို့ ချက်ချင်းလက်ခံပြီး နန်းတော်ထဲဝင်တယ်၊ သူညီနဲ့တွေ့တယ် ဘိသတ်ခံဖို့ပြင်တယ်၊ ဒါပေမဲ့ နရသူက ညီအကိုတွေ ဆုံကြတုန်း ပျော်ပျော်ပါးပါး စားသောက်ပွဲကျင်းပရအောင်ဆိုပြီး နောက်ဆုံး အဲဒီစားသောက်ပွဲမှာ မင်းရှင်စောကို အဆိပ်ခတ်သတ်လိုက်ရော နောက်တော့ သူဟာပြိုင်ဘက်မဲ့ ဘုရင်ဖြစ်သွားတာပေါ့။ ပံ့သကူဆရာတော်နဲ့ ပြည်သူတွေဟာ သူ့ကိုအတော်မုန်းသွားကြတယ်သတဲ့။

           သူလည်းနောက်ဆုံးမှာ လုပ်ကြံခံရတာပဲ။ သူ့ကိုလုပ်ကြံတာက ပြည်တွင်းကမဟုတ်ပဲ ကုလားပြည်က လက်ရွေးစင်လုပ်ကြံရေးတပ်ဖွဲ့က လာပြီးလုပ်ကြံသတ်ဖြတ်သွားတာတဲ့။ အဲဒီအဖြစ်ပျက်က ရာဇဝင်တွေမှာ နဲနဲကွဲကွဲပြားပြားရေးထားကြတယ်။ အချို့က ကုလားပြည်ဆိုတာ ဆန္နား ဒါမှမဟုတ် ပါလ လို့ခေါ်တဲ့ အခုဘင်္ဂလားဒေသက ပဋိက္ခရားနိုင်ငံကို ဆိုတာလို့ ပြောကြသလို့ အချို့က သီဟိုဌ်ကလို့ ဆိုပါတယ်။

          ပဋိက္ခရားက လက်ရွေးစင်လုပ်ကြံရေးတပ်ဖွဲ့ အယူရှိသူက နရသူကို သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက သူတို့ဆီက မင်းသမီးကို နရသူက သတ်လိုက်လို့လို့ လက်တုံ့ပြန်တာလို့ဆိုတယ်၊ သူတို့ဆီက မင်းသမီးဆိုတာ အလောင်းစည်သူရဲ့မိဖုရား ပဘာဝတီကို ပြောတာလားမသိ။ ဟိုခေတ်က အဖေ့အရိုက်အရာကို ဆက်ခံရင် အမေကလွဲကျန်တဲ့ မိဖုရားတွေကို ဆက်ပြီးတော့ မိဖုရားမြောက်ခွင့်ရှိတာကိုး။ ကုလားမင်းသမီးကို နရသူသတ်တဲ့အကြောင်းကလည်း နရသူက ညစ်ပတ်လို့ ကုလားမင်းသမီးက ရွံတာနဲ့ မဆက်ဆံပဲရှောင်တာကို မကျေနပ်တာကြောင့် သတ်တယ်လို့ ဆိုတယ်။

           သီဟိုဠ်ကုလားတွေသတ်တယ်လို့ အယူရှိသူကတော့ ပုဂံကထွက်ပြေးလာတဲ့ ရဟန်းတော်တွေကနေတဆင့် နရသူဟာ ဗုဒ္ဓသာသနာမှေးမှိန်အောင် လုပ်နေတာကို သိရလို့ သီဟိုဠ်မင်းက သူရဲ့အတော်ဆုံး သူရဲကောင်းတွေကို သင်္ဘောလေးစီးနဲ့ လွှတ်လိုက်တယ်၊ ဒါမှမဟုတ် သံတမန်ရေးဆိုင်ရာ ပြဿနာ တစ်ခု သီဟိုဠ်နဲ့ ပုဂံကြားမှာဖြစ်ပွားခဲ့ပြီး ပုဂံမင်းက သီဟိုဠ်သံတွေကို သတ်ရာကနေ သီဟိုဠ်မင်းက သူလက်ရွေးစင်တပ်ကို ပုဂံကိုလွှတ်လိုက်တာလို့လဲ ဆိုကြတာရှိပါတယ်။ ဒီလူတွေဟာ ပထမ ပုသိမ်ဆိပ်ကမ်းပေါ်တက်ပြီး အဲဒီကနေ ပုဂံအထိဆက်သွားတယ် ပုသိမ်မှာ ကမ်းပေါ်တက်တက်ခြင်း အုန်းပင်တွေချွတ်ပြီး အိမ်တွေကိုရိုက်ဖြိုပြလို့ လူတွေကြောက်ရွံ့ကြတယ်လိုဆိုပါတယ်။

            ဘယ်လိုပဲဖြစ်ဖြစ် အထက်က အဆိုနှစ်ခုကိုထောက်ရှု့ရရင် နရသူကို နိုင်ငံခြားက လက်ရွေးစင်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က လာလုပ်ကြံသတ်ဖြတ်သွားတာတော့ တကယ်ပဲလို့ ယူဆရမှာပဲ (သူသေတဲ့နှစ်မှာ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းကြီးနဲ့ကြုံရသတဲ့)။

ကိုးကား-


   ၁. မှန်နန်းရာဇဝင်လာ မြန်မာဘုရင်များ -ကိုအိုက်စီ
   ၂. ရှာရှာဖွေဖွေမြန်မာ့သမိုင်း - ပေါင်းစုံ
   ၃. မြန်မာ့မုန်တိုင်းသမိုင်း - တင့်နိုင်တိုး

Comments

Popular Posts