နောက်ယောင်ခံ

        နောက်ယောင်ခံ   

           အီလီဆီနန်းတော်၏ အပြင်ရံတံတိုင်းအတွင်းမှ ကျောက်ပြားခင်းထားသည့် ရင်ပြင်ပေါ်တွင် ဝန်ကြီးများ၏ စီထရိုလန်ဒီအက်စ် ဆလွန်းကား၁၆စီးကို အစဉ်လိုက်စီတန်းရပ်နားထားလေသည်။ ယဉ်မောင်းများကား အပြင်ရံတံတိုင်း၏ အတွင်းနံရံအနီးတွင် အရိပ်ခိုရင်း၊ အလာပသလာပ စကားတွတ်ထိုးရင်း သူတို့၏ဝန်ကြီးများ ထွက်အလာကို စောင့်ဆိုင်းနေကြသည်။

           ထိုသူများထဲမှ တစ်ယောက်သောယာဉ်မောင်းမှာ အခြားသူများနှင့်မတူ၊ သူတစ်ပါးနှင့်လည်း စကားမပြော၊ တစ်ခြားသူများနှင့် မရောနှောပဲ မျက်နှာတည်ကြီးနှင့် နန်းတော်တံခါးဝကိုသာ မမှိတ်မသုန်စူးစိုက်ကြည့်နေလေ၏။ 
ထိုသူကား သမ္မတဒီဂေါလ်၏ယာဉ်မောင်း ဖရန်စစ်မာရော့ဖြစ်သည်။ သူသည် နေရှင်နယ်ဂရင်ဒါမာရီခေါ် ပြင်သစ်ဆပ်ကျောင်းဆင်း ရဲအရာရှိတဦးဖြစ်ပြီး သူ့၏နုတ်နည်းမှု၊ တည်ကြည်မှု၊ လျင်မြန်ဖျက်လတ်မှု၊ ယာဉ်မောင်းကျွမ်းကျင်မှုတို့က သူ့ကိုချားလ်ဒီဂေါလ်၏ လက်စွဲတော် ယာဉ်မောင်းတစ်ဦး ဖြစ်နေလေစေသည်။
 

           ညနေ၇နာရီခွဲလောက်တွင် နန်းတော်မှန်တံခါးကြီးပွင့်လာပြီး တာခံဝန်ထမ်းတစ်ဦးထွက်ပေါ်လာကာ အစည်းဝေးပြီးဆုံးသွားပြီဖြစ်ကြောင်း ကားဒရိုင်ဘာများနှင့် အစောင့်စစ်သားများကို အချက်ပေးလိုက်လေ၏။ ထို့နောက်တွင် ဝန်ကြီးများ၏ကားများ တစ်စီးပြီးတစ်စီး နန်းတော်လှေကားရင်း ဆီသို့ရောက်ရှိလာကြပြီး၊ အစည်းအဝေးခန်းမှ တစ်ယောက်နှင့်တစ်ယောက် စကားပြော နုတ်ဆက်ကြရင်း ထွက်လာကြသော သူတို့၏ ဝန်ကြီးများကို အသီးသီးတင်ဆောင်သွားကြလေတော့သည်။
 

          ဝန်ကြီးများ၏ကားများ ထွက်သွားအပြီး ၁ဝမီနစ်မျှ ကြာသောအခါ၊ နန်းတော်လှေကားရင်းသို့ အနက်ရောင် စီထရိုလန်ဒီအက်စ်၁၉ ဇိမ်ခံကားနှစ်စီး ရှေ့နောက်ဆင့်ကာ ရောက်ရှိလာကြသည်။ တခဏမျှ ကြာသောအခါ နန်းတော်တံခါးဝမှ သူအမြဲတိုင်းဝတ်ဆင်လေ့ရှိသော မီးခိုးရောင် ကုတ်အင်္ကျီနှင့် အနက်ရောင် နက်ကတိုင်ကို သေသပ်ကျနစွာဝတ်ဆင်ထားသည့် ပြင်သစ်သမ္မတကြီး ချားလ်ဒီဂေါလ် ထွက်ပေါ်လာလေ၏၊ ရှေးရိုးကြီးဖြစ်သော ဒီဂေါလ်သည် သူ၏ဇနီးသည် မဒမ်ဒီဂေါလ်ကို ဦးဆောင်လာသည်၊ လှေကားအဆင်းတွင် ဇနီးသည်၏လက်မောင်းကို ဒီဂေါလ်က ကြင်ကြင်နာနာ ဖေးမတွဲကူကာ ကားအတွင်းသို့ ဝင်ရောက်စေ၍ သူကိုယ်တိုင်လည်း ကားကိုတစ်ပတ်ပတ်ကာ တစ်ဖက်တံခါးပေါက်မှ ကားအတွင်းဝင်ရောက်လေသည်၊ ထို့နောက် ၂ဦးသား နောက်ထိုင်ခုံ ကျောမှီတွင်မှီရင်း သက်တောင့်သက်သာ ထိုင်လိုက်ကြလေတော့သည်။

           ဒီဂေါလ်တို့နှင့်အတူ လိုက်ပါမည့်သူမှာ သူတို့၏သမက် ပြင်သစ်သံချပ်ကာတပ် ဦးစီးမှူး ဗိုလ်မှူးကြီး အလန်ဒီဗွန်ရှူးဖြစ်ပြီး၊ အလန်သည် ယာဉ်မောင်းမားရော့နှင့်အတူ ရှေ့ခုံတွင် နေရာယူလိုက်သည်။ နောက်ကားတွင်တွင် သမ္မတကြီး၏ လုံခြုံရေးတာဝန်ခံများ စီးနင်းလိုက်ပါကြပါသည်။ 


           ဟင်နရီဂျူးဒါးမှာ ထို့နေ့အတွက် သမ္မတကြီးကိုယ်ရံတော်ဖြစ်ပြီး၊ သူသည် အယ်ဂျီးရီးယားမှ ကပ်ပလေ လူမျိုးတစ်ဦးဖြစ်သည်။ သူ၏ဂျိုင်းတွင် ပစ္စတိုကြီးတစ်လက်ကိုလွယ်ထားပြီး အရှေ့ခုံတွင် ယာဉ်မောင်းရဲအရာရှိနှင့် အတူထိုင်ကာ လမ်းတလျှောက် ပတ်ဝန်းကျင်ကို လုံးဝအလွတ်မပေးပဲ စေ့စေ့စပ်စပ် သတိထားကြည့်ရှုရင်း လိုက်လာလာလေ၏။ ဟင်နရီဂျူးဒါးတို့၏ ကားအနောက်ခန်းတွင် တစ်ဦးတည်းထိုင်နေသော ပုဂ္ဂိုလ်မှာ သမ္မတလုံခြုံရေးတာဝန်ခံချုပ် ရှောင်ဒူခရိတ်ဖြစ်လေသည်။

           သမ္မတကြီးတို့ယာဉ်တန်းသည် မော်တော်ပီကယ် ဆိုင်ကယ်နှစ်စီး ဦးဆောင်မှုနှင့် အီလီဆီနန်းတော်တွင်းမှ ထွက်လာခဲ့ချိန်တွင် ညနေခင်း ၇နာရီ၅ဝတိတိရှိနေလေပြီ။ နန်းတော်ကြီးမှ ထွက်ခဲ့စဉ်က လုံခြုံရေးကားက မော်တော်ပီကယ်ဆိုင်ကယ်၏ အနောက်၌ ကပ်လျှက်လိုက်ပါလာခဲ့ပြီး သ
မ္မတကြီး၏ကားကို ဦးဆောင်ခဲ့သော်လည်း အရပ်ရှည်သလောက် စိတ်မရှည်တတ်သော ဒီဂေါလ်၏ အထာကိုသိနေသော မားရော့က လုံခြုံရေးကားကို ကျော်တတ်လိုက်ပြီး မော်တော်ဆိုင်ကယ်နှစ်စီး၏ အနောက်သို့ ကပ်လိုက်သွားလိုက်သဖြင့် ရှောင်ဒူခရိတ်တို့ကားသည် သမ္မတကြီး၏ကားအနောက်သို့ ရောက်သွားလေ၏။
           မာရင်းနီရိပ်သာလမ်းပေါ်တွင် မောင်းနှင်နေစဉ် လမ်းဘေးပလက်ဖောင်းကျယ် ဝက်သစ်ချပင်များကြားမှ အဖြူရောင်ဆိုယ်ကယ်ဦးထုတ်ကို ဆောင်းထားသူတစ်ဦး မောင်းနှင်လာသော စကူတာဆိုင်ကယ်ငယ်လေးတစီး ရုတ်တရက် ထွက်ပေါ်လာကာ သမ္မတယာဉ်တန်းနောက် လိုက်လာသည်။ ယင်းကို မားရော့သတိထားမိသော်လည်း စကူတာလေးမို့ သူအလေးမထားမိခဲ့ပါ။
 

            သြဂုတ်လ၏ ရုံအားရက် ဖြစ်သောကြောင့် လမ်းမကြီးသည် သမ္မတယာဉ်တန်းအတွက် အထွေအထူး လမ်းရှင်းစရာမလိုအောင်ကို ကားအသွားလာက နည်းပါးနေလေ၏။ သမ္မတတို့ယာဉ်တန်းသည် ယာဉ်အသွားလာရှင်းပြီး လမ်းဘေးသစ်ပင် ထူထပ်သည့် စီမန်စီကူရိပ်သာလမ်းပေါ်ဝယ် အရှိန်ကို မြင့်တင်လိုက်ကြကာ တတိယမြောက်အလက်ဇန္ဒား တံတားဆီသို့ ဦးတည်လိုက်ကြသည်။ ယာဉ်တန်း၏ အရှိန်မြှင့် မောင်းနှင်မှုကြောင့် ယာဉ်တန်းနောက်မှ လိုက်လာသော စကူတာ မော်တော်ဆိုင်ကယ်လေးခမျာ ခဏမျှ မမှီမကမ်းဖြစ်သွားခဲ့သော်လည်း တံတားကျော်အပြီးတွင် ယာဉ်မောင်းမားရော့က လမ်းရှင်းမော်တော်ပီကယ် ဆိုင်ကယ်နှစ်စီးဦးဆောင်ရာ ဗိုလ်ချုပ်ဂဲလ်လီယန်နီ ရိပ်သာလမ်းသို့ ချိုးချလိုက်သောအခါ သမ္မတယာဉ်တန်းသည် ဘောလဒ်ဒီအင်ဘယ်လဒီ ရက်ကွက်ဆီသို့ ဦးတည်နေကြောင်း ဆိုင်ကယ်သမား တွက်ဆမိလိုက်လေပြီ။

Comments

Popular Posts